ချင်းပြည်နယ်က စစ်ကောင်စီတပ်သား ၁၂ ယောက် CDM ဝင်ပြီး CDF နဲ့ပူးပေါင်း

ချင်းပြည်နယ် ကန်ပက်လက်မြို့က စစ်ကောင်စီတပ်သား ၁၂ ယောက်ဟာ စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်လာကြောင်း ချင်းပြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF က ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

ချင်းပြည်နယ် ကန်ပက်လက်မြို့က စစ်ကောင်စီတပ်သား ၁၂ ယောက်ဟာ စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်လာကြောင်း ချင်းပြည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF က ထုတ်ပြန်ပါတယ်။

တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်နဲ့ တပ်သား၊ ရဲသားအဆင့်ရှိသူတွေရဲ့ ကိုယ်ပိုင်နံပါတ်၊ ကိုယ်ရေးမှတ်တမ်းအကျဉ်း တွေနဲ့တကွ CDF က ထုတ်ပြန်လိုက်တာပါ။

ချင်းပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ CDF တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်သားတွေ CDM လူထုလှုပ်ရှားမှုမှာ ထပ်မံပူးပေါင်း လာတာဖြစ်ပါတယ်။

CDM ဝင်လာသူတွေကို လုံခြုံရေး အကာအကွယ်ပေးသွားမယ်လို့ ချင်း CDF အဖွဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းနဲ့ မေလတွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား ၁၀၀ လောက်သေဆုံးခဲ့သလို စစ်ကားတွေ၊ စခန်းတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ CDF က ပြောထားပါတယ်။

ချင်းပြည်နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာ ထားပေမယ့် အရေအတွက်ကိုတော့ ဖော်ပြ မထားပါဘူး။ CDF အဖွဲ့ဟာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေပြီး CDF က ပစ်လို့ စစ်ကောင်စီက ပြန်ပစ်ရတာလို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေပါဝင်ကြတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ ချင်းပြည်နယ်က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org