အမာမြို့မှာ သန်းခေါင်စာရင်းအတွက် ငွေကြေးကောက်ခံမှုတွေ ရှိနေ

အမာမြို့က ရပ်ကွက်တွေအတွင်း သန်းခေါင်စာရင်း လှည့်လှည်ကောက်ယူသူတွေကို ကျွေးမွေးဧည့်ခံဖို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖျာပုံခရိုင် အမာမြို့ဝင်တစ်နေရာအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က တွေ့ရစဥ်။

ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့က ရပ်ကွက်တွေအတွင်း သန်းခေါင်စာရင်း လှည့်လှည်ကောက်ယူသူတွေကို ကျွေးမွေးဧည့်ခံဖို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၇ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

အမာမြို့က အမှတ် (၁)၊ အမှတ် (၂) နဲ့ အမှတ် (၄) ရပ်ကွက်တွေမှာ သန်းခေါင်းစာရင်းကိစ္စနဲ့ပတ်သက်ပြီး အိမ်ထောင်စုတစ်ခုကို ငွေကျပ် ၁၅၀၀ ကနေ ၃၀၀၀ ကျပ်အထိ ထည့်ဝင်နေရတာလို့ အမာမြို့ခံတစ်ဦးက ပြောပါတယ်။

“သန်းခေါင်စာရင်း ကောက်တဲ့သူတွေကို ကျွေးမွေးစရိတ်ခံရတဲ့အတွက် ပြည်သူလူထုဆီက ပြန်ကောက်တာပေါ့။ ကျွန်တော်တို့ရပ်ကွက်ကတော့ တစ်အိမ်ထောင်ကို နှစ်ထောင့်ငါးရာ ပေးရတယ်။ ဟိုဘက် ၁ ရပ်ကွက်က တစ်ထောင့်ငါးရာ၊ ၄ ရပ်ကွက်ကတော့ သုံးထောင် ကောက်တယ်။ သန်းခေါင်စာရင်း ကောက်တယ်ဆိုတာက အစိုးရက သူတို့ကို စရိတ် ပေးပြီးသား၊ စရိတ်ပေးပြီးသားကို အဲဒီလိုတွေ ကောက်နေတာ”

အမာမြို့မှာ ရပ်ကွက်လေးခုနဲ့ အိမ်ခြေ တစ်ထောင်ခန့်ရှိပြီး အောက်တိုဘာ ၄ ရက်နေ့ကစလို့ သန်းခေါင်စာရင်း ကောက်ယူတွေ လုပ်ဆောင်နေတာလို့ သူက ပြောပါတယ်။

ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ လူအင်အား ၄,၂၀၀၀ ခန့် အသုံးပြုပြီး သန်းခေါင်းစာရင်း ကောက်ယူနေသလို ဧရာဝတီတိုင်းမှာတော့ လူအင်အား ငါးထောင်ကျော် (၅,၄၇၈ ဦး) နဲ့ သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ အောက်တိုဘာ ၂ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org