မီဒီယာဝန်ထမ်းအားလုံး အရည်အသွေးမြှင့်ဖို့ လိုအပ်
2014.03.10

နိုင်ငံပိုင်မီဒီယာတွေနဲ့ စာနယ်ဇင်းလောကက မီဒီယာဝန်ထမ်းတွေအားလုံး အရည်အသွေးမြှင့်တင်ဖို့ လိုအပ်သလို အစိုးရအနေနဲ့ နိုင်ငံပိုင်မီဒီယာတွေကို အများပြည်သူကို တကယ်ဝန်ဆောင်မှုပေးနိုင်တဲ့ မီဒီယာတွေအဖြစ် ပြောင်းလဲဖို့ လိုအပ်နေတယ် လို့ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောကြားလိုက် ပါတယ်။
အမေရိကန်အခြေစိုက် East-West Center က ဦးဆောင်ပြီး ရန်ကုန်မြို့ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ကျင်းပနေတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ရဲ့ စိန်ခေါ်မှုများခေါင်းစဉ်နဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံမှာ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံသား သတင်းထောက်တွေကို ပြောခဲ့တာပါ။
"ကျနော်တို့လုပ်ဖို့လိုတာ ပထမဆုံးကတော့ ကျနော်တို့နိုင်ငံပိုင် မီဒီယာတွေမှာရှိတဲ့ ဝန်ထမ်းတွေရော၊ စာနယ်ဇင်းလောကမှာရှိတဲ့ စာနယ်ဇင်းသမားတွေရော ပိုပြီးတော့မှ အရေအသွေးမြှင့်တင်ဖို့လိုတယ်၊ ပြီးတော့ အစိုးရအနေနဲ့ ပြောမယ်ဆိုရင် ကျနော်တို့ နိုင်ငံပိုင်မီဒီယာတွေကို တကယ်မှန်ကန်တဲ့ အများပြည်သူဝန်ဆောင်မှုပေးနိုင်တဲ့ မီဒီယာတွေအဖြစ် ပြောင်းလဲဖို့ လိုအပ်နေတယ်"
ဒီဆွေးနွေးပွဲမှာ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က နိုင်ငံတကာနဲ့ ပြည်တွင်း ပုဂ္ဂလိကပိုင် သတင်းမီဒီယာကြီးတွေက ပြည်တွင်းက အင်အားနည်းတဲ့ သတင်းမီဒီယာတွေကို ဝါးမြိုသွားမှာ စိုးရိမ်ရတဲ့အကြောင်းလည်း သတင်းထောက်တွေက မေးမြန်းရာမှာ ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သလို နိုင်ငံရေးသမားဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အရေးအရာကိစ္စအားလုံးကို လွှမ်းခြုံပြီး လုပ်ဆောင်နေတာဖြစ်ကြောင်း၊ တိုင်းပြည် ရှေ့ဆက်ကောင်းဖို့အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချပေးနေတယ်လို့ယူဆကြောင်း အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သဘောမတူတာတွေရှိပေမယ့် လုပ်ဖေါ်ကိုင်ဖက်အဖြစ်မြင်ကြောင်း ဦးရဲထွဋ်က ပြောခဲ့ပါတယ်။
ဒီနေ့ မတ်လ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာကျင်းမယ့် နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံကို နိုင်ငံပေါင်း ၃၀ ကျော်က သတင်းမီဒီယာသမား ၃၀၀ ကျော် တက်ရောက်နေတာဖြစ်ပါတယ်။