ဖက်ဒရယ် မြေယာစနစ်ကို ဖော်ဆောင်ဖို့ စိန်ခေါ်မှုတွေ များနေ

လယ်ယာမြေစီမံခန့်ခွဲရာမှာ ပြည်ထောင်စုအစိုးရကသာ ချုပ်ကိုင်ထားနိုင်တဲ့ စနစ်ကို ပြင်ဆင်ပြီး ဖက်ဒရယ် မြေယာစီမံခန့်ခွဲမှု စနစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာတွေ ရှိလာပါတယ်။ ဒါပေမဲ့ ဖက်ဒရယ် မြေယာစနစ်ဖြစ်ဖို့ အခက်အခဲတွေ များစွာရှိနေပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ အမှတ် (၃၅၆) အမြောက်တပ်က တပ်ပိုင်မြေအဖြစ်သိမ်းယူထားတဲ့ လယ်ယာမြေကို တွေ့ရစဉ်

လယ်ယာမြေစီမံခန့်ခွဲရာမှာ ပြည်ထောင်စုအစိုးရကသာ ချုပ်ကိုင်ထားနိုင်တဲ့ စနစ်ကို ပြင်ဆင်ပြီး ဖက်ဒရယ် မြေယာစီမံခန့်ခွဲမှု စနစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာတွေ ရှိလာပါတယ်။ ဒါပေမဲ့ ဖက်ဒရယ် မြေယာစနစ်ဖြစ်ဖို့ အခက်အခဲတွေ များစွာရှိနေပါတယ်။

ဖက်ဒရယ်စနစ်လို့ ပြောတဲ့အခါမှာ ကိုယ့်ဒေသအလိုက်၊ ကိုယ့်ပြည်နယ်အလိုက်၊ ကိုယ့်လူမျိုးစုအလိုက်က စီမံပိုင်ခွင့်ရှိတာဖြစ်ပြီး အခုလက်ရှိ အစိုးရကျင့်သုံးနေတဲ့ ဗဟိုချုပ်ကိုင်မှုတွေ ဖြစ်တာကြောင့် ဖက်ဒရယ် မြေယာစနစ်ကို သွားဖို့မဖြစ်နိုင်ဘူးလို့ မြေယာအရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။

ပြည်နယ်အတွင်း  လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Kayah Earthrights Action Network (KEAN) အဖွဲ့မှ စောအယ်စေးက ဖက်ဒရယ်မြေယာစနစ်ကို ပြောင်းလဲရေးမှာ ပထမဆုံး ကြုံတွေ့ရတဲ့အခက်အခဲက အစိုးရရဲ့ယန္တယားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“ဖက်ဒရယ်စနစ်လို့ပြောတဲ့ အချိန်မှာတော့ ကျနော်တို့ ဒီပြည်နယ် တစ်ခုတည်း မဟုတ်ဘူးပေါ့နော်၊ ဒီတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ စိန်ခေါ်ချက် ကြီးကြီးမားမားတွေ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိအစိုးရရဲ့ ဒီမြေနဲ့ပတ်သက်တဲ့ ယန္တယားတွေက ဒါ ပထမဆုံးစိန်ခေါ်ချက် တစ်ခုဖြစ်တယ်။ ဒီယန္တယားတွေကို ကျော်လွန်ပြီးသွားမှဘဲ ကျနော်တို့ ဒီဖက်ဒရယ် မြေယာဒီစီမံခန့်ခွဲမှုစနစ်ပေါ့နော်၊ ဒီအုပ်ချုပ်မှုစနစ်ကို သွားနိုင်မှာ ဖြစ်တယ်”

လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အစိုးရတို့ ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး နှစ်ဦးနှစ်ဖက် သဘောတူညီချက် စာချုပ်မှာ   ပြည်နယ်ရဲ့ မြေယာကိစ္စလည်း ပါရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြဋ္ဌာန်းရတာ ဖြစ်တဲ့အတွက် ပြည်သူတွေက ရွေးခြယ် တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ဖယ်ဒရယ် မြေယာဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားသင့်တယ်လို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ကိုဒီးဒီက ပြောပါတယ်။

“အခု လက်ရှိထွက်လာတဲ့ ဥပဒေတွေနဲ့ လက်ရှိလွှတ်တော်က ပြည်သူဘက်မှာ မပါဘဲနဲ့ အစိုးရရယ်၊ လုပ်ငန်းရှင်တွေပေါ့နော်၊ ကုမ္ပဏီတွေရယ် နောက်ရင်းနှီးမြှပ်နှံမှုကိုပဲ မျက်နှာသာပေးတာပေါ့နော်”

၂၀၀၈ အခြေခံဥပဒေထဲမှာ ပေးထားတဲ့ ဇယား ၁ ၊ ဇယား ၂ အရ မြေယာပြဿနာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရမှာပဲ အဓိက ကိုင်တွယ်ခွင့်ရတာ ဖြစ်တဲ့အတွက် ပြည်နယ်မှာတော့ လုပ်ပိုင်ခွင့် မရှိဘူးလို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးသဲရယ်က ပြောပါတယ်။

“ကျနော်ပြောချင်တာဘာလဲဆိုရင် ဒီမြေယာနဲ့ပတ်သက်ရင် ပြည်ထောင်စုကပဲ လုပ်ပိုင်ခွင့်ရှိတယ်။ ပြည်နယ်ထဲမှာ မြေယာပြဿနာနဲ့ ပတ်သက်လို့ အနည်းငယ် မေးခွန်းမေးတာလောက်ပဲရှိတယ်။ လုပ်လို့ရတယ်။ ဥပဒေပြင်တာတို့ အသစ်တင်သွင်းတို့ ပြင်တာတို့ ပေါ်လစီအသစ် တင်သွင်းတာတို့ ဆိုလို့ရှိရင် ပြည်နယ်မှာလုပ်ခွင့်မရှိဘူး။ ဆိုတော့ ဒီနေရာမှာ အားနည်းချက်တွေ အများကြီးရှိတာပေါ့နော်။”

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက် Kayah Earthrights Action Network ( KEAN) ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း တိုင်းရင်းသားတွေရဲ့ ရိုးယာဓလေ့အရ မြေယာပိုင်ဆိုင်မှုကို အစိုးရအနေနဲ့ အသိအမှတ်ပြုတာမရှိဘဲနဲ့ မြေယာသိမ်းဆည်းမှုတွေ၊ မြေယာပြသနာတွေ ဖြစ်နေတယ်လို့ ဆွေးနွေးသွားခဲ့ကြပါတယ်။

မြေယာနဲ့ ပတ်သက်ရင် ဒေသခံတွေရဲ့ဆန္ဒကို ရယူဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ရဲ့ ကယား(ကရင်နီ) ပြည်နယ် တာဝန်ခံ ခွန်းအန်းဂျေလိုက ပြောပါတယ်။

“ကရင်နီပြည်နယ်မှာ မြေယာက မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုတာ မရှိပါဘူး။ အဲဒီမြေကို စီမံခန့်ခွဲမှုတစ်ခု ပြုလုပ်ခါနီး ဒေသခံလူထုနဲ့တွေ့ဆုံဖို့ သင့်ပါတယ်။”


အရပ်ဘက် အဖွဲ့အစည်းတွေက  ကယား(ကရင်နီ) ပြည်နယ်မှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုံး၀ မရှိလို့ ပြည်နယ်အနှံ့မှာ ပိုစတာတွေ လိုက်ကပ်ထားတာကို အာဏာပိုင်တွေက ပြန်လိုက် ဖြုတ်ထားခိုင်းတယ်လို့ သိရပါတယ်။

ကရင်နီအရပ်ဘက် အဖွဲ့အစည်းတွေကနေပြီး ကရင်နီမြေယာမူဝါဒနဲ့ ပတ်သက်ပြီးလို့ ပြီးခဲ့တဲ့ နှစ်တွေမှာ သတင်းစာရှင်းလင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org