နေပြည်တော်ကောင်စီဝင်နဲ့ မကွေးလုံခြုံရေးဝန်ကြီးကို စစ်ကောင်စီ အပြောင်းအလဲလုပ်
စစ်ကောင်စီရဲ့ နေပြည်တော်ကောင်စီဝင်နဲ့ မကွေးတိုင်း လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးကို ဖေဖော်ဝါရီလ ၆ ရက်နေ့ မနေ့က အပြောင်းအလဲ လုပ်လိုက်ပါတယ်။
-
RFA Burmese
2024-02-06 -
-
-
စစ်ကောင်စီရဲ့ နေပြည်တော်ကောင်စီဝင်နဲ့ မကွေးတိုင်း လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးကို ဖေဖော်ဝါရီလ ၆ ရက်နေ့ မနေ့က အပြောင်းအလဲ လုပ်လိုက်ပါတယ်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်အစား ဗိုလ်မှူးကြီးမျိုးဝင်းကို စစ်ကောင်စီက ပြောင်းလဲခန့်အပ်လိုက်တဲ့အကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အလားတူပဲ မကွေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနေရာကိုလည်း ဗိုလ်မှူးကြီး မိုးမင်းသိန်းဆိုသူနဲ့ စစ်ကောင်စီက အစားထိုးလာခဲ့ပါတယ်။
ဗိုလ်မှူးကြီး မင်းနောင်ဟာ နေပြည်တော်ကောင်စီဝင်နေရာမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရှိနေခဲ့သူဖြစ်ပါတယ်။
ဗိုလ်မှူးကြီး ကျော်ကျော်လင်းကိုတော့ စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အိမ်စောင့်အစိုးရဆိုပြီး ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ မကွေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။
စစ်ကောင်စီဟာ အာဏာသိမ်း သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းကလည်း အာဏာသိမ်းပြီးမှခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် အပါအဝင် နေရာတချို့ကို အပြောင်းအလဲ လုပ်ထားပါတယ်။