အစိုးရ စာပေစိစစ်ရေးဆိုင်ရာ မူဝါဒအချို့ ပြောင်းလဲ

ဇွန်လ ၈ ရက် မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ စာပေစိစစ်ရေး ဆိုင်ရာ မူဝါဒပြောင်းလဲမှု အသိပေး ရှင်းလင်းပွဲမှာ မဂ္ဂဇင်းနဲ့ဂျာနယ် ၁၇၈ စောင်ကို အရင်က စာပေစိစစ်ရေး တင်ပြီးမှ ထုတ်ဝေရတဲ့ အခြေအနေကနေ ၊ မူအသစ်အရ ထုတ်ဝေပြီးမှ စာပေစိစစ်ရေးကို တင်ပြ အစစ်ဆေးခံရမယ်လို့ ပြောင်းလဲခဲ့ကြောင်း သိရပါတယ်။

စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။ AFP

ဒါပေမဲ့ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြဌာန်းထားတဲ့ ပုံနှိပ် ထုတ်ဝေသူတွေ အပေါ် ကန့်သတ်ချက်တွေကတော့ ဆက်လက် အသက်ဝင်နေဆဲပဲ ဖြစ်ကြောင်း ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းက RFA ကို ပြောဆိုပါတယ်။

မူဝါဒအသစ်အရ မလိုက်နာဘူးဆိုရင် ပြစ်ဒဏ်ချသွားမှာ ဖြစ်ကြောင်း ၊ အခု အသစ်ပြဌာန်းလိုက်တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ရန်ကုန် ဂျာနယ်အယ်ဒီတာတဦးက ရှင်းပြပါတယ်။

“အခုက အပြစ်ဒဏ်ပေးတဲ့ အပိုင်းကို နှစ်ပိုင်း သူတို့ လုပ်ထားတယ်။ ပထမတပိုင်းက ဒီ ပြန်ကြားရေး ဝန်ကြီးဌာနကိုယ်တိုင်ကပဲ ပြစ်ဒဏ်ရှိတဲ့ဟာကို သူတို့ အဖွဲ့ ဖွဲ့ပြီး စစ်ဆေးမယ်။ စစ်ဆေးပြီးတော့ ပထမတဆင့်မှာဆိုရင် ပြစ်ဒဏ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ အဲဒီ ဂျာနယ် သို့မဟုတ် မဂ္ဂဇင်းက အာမခံငွေအနေနဲ့ သိန်း ၅၀ သွားတင်ထားရမယ်။ အဲ ပြီးတော့မှ နောက်ထပ် ပြစ်ဒဏ် ထပ်ပြီးတော့ ကျူးလွန်တယ်လို့ သူတို့ ဆုံးဖြတ်တယ် ဆိုရင် အဲဒီအထဲက ဆုံးဖြတ်သလောက် ငွေပမာဏကို သူတို့က ဒဏ်ကြေးအနေနဲ့ သိမ်းဆည်းမယ်။ အဲဒီတော့ ကိုယ်က ဆက်ပြီးတော့မှ ဒီလုပ်ငန်း လုပ်ချင်တယ်၊ ထုတ်ဝေရေး ဆက်လုပ်ချင်တယ် ဆိုရင် နုတ်ယူလိုက်တဲ့ ပမာဏကို ပြန်ပြီးတော့ သူက ဖြည့်တင်းပေးရမှာပေါ့။ အဲဒါ တပိုင်း။”

“ဒီ့အပြင်ကို တချို့သော ကိစ္စတွေကျရင် အဲဒါတင် မကဘူး၊ တရားရုံးမှာလည်း ရင်ဆိုင်ရတာတွေ ရှိလာနိုင်တယ် ဆိုပြီးတော့မှ အဲလို အပိုင်းနှစ်ပိုင်း မနေ့တုန်းက ပြောသွားတယ်။”

မြန်မာနိုင်ငံ စာပေစိစစ်ရေးအဖွဲ့က အခုစတင် ပြောင်းလဲလိုက်တဲ့ မူဝါဒသစ်ဟာ ဇွန်လ ၁၀ ရက်နေ့ မနက်ဖြန်ကစပြီး အသက်ဝင်မယ်လို့ သိရပါတယ်။ အနုပညာသုတရသ၊ ကျန်းမာရေး၊ ကလေးစာပေ၊ နည်းပညာနဲ့ အားကစား စတဲ့ စာပေအမျိုးအစား ၅ မျိုးကတော့ အရင်ကလို တင်-ထုတ် စနစ်မျိုး မဟုတ်တော့ပဲ ၊ ထုတ်-တင်စနစ်နဲ့ လုပ်ဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။

အဲဒီစနစ်ထဲမှာ အပတ်စဉ်ထုတ်ဂျာနယ် ၈၂ စောင်နဲ့ မဂ္ဂဇင်း ၉၆ စောင်တို့ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ သတင်းဂျာနယ်၊ နိုင်ငံရေးမဂ္ဂဇင်း၊ စီးပွားရေးနဲ့ သမိုင်းဆိုင်ရာ ဂျာနယ် စာအုပ်စာတမ်းတွေကတော့ အရင်အတိုင်းပဲ တင်ပြီးမှ ထုတ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ကိုတော့ ဆက်လက် စဉ်းစားဦးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက မနေ့က သိမ်ဖြူလမ်းရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org