ရုပ်သံတိုက်ရိုက်လွှင့်သူကို ပြန်လွှတ်ဖို့ Channel Mandalay သတင်းဌာန တောင်းဆို
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက တရုတ်-မြန်မာ ပုဂ္ဂလိက အကျိုးတူ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်တဲ့ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ပွားမှုမှာ ရုပ်သံ တိုက်ရိုက်လွှင့်ခဲ့တဲ့ သတင်းထောက် ကိုနန္ဒ ထောင်ဒဏ် ချမှတ်ခံထားရပြီး မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနက သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
-
သန့်ဇင်ဦး
2020-05-03 -
-
-
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက တရုတ်-မြန်မာ ပုဂ္ဂလိက အကျိုးတူ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်တဲ့ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ပွားမှုမှာ ရုပ်သံ တိုက်ရိုက်လွှင့်ခဲ့တဲ့ သတင်းထောက် ကိုနန္ဒ ထောင်ဒဏ် ချမှတ်ခံထားရပြီး မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနက သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
မန္တလေး အိုဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ သတင်းထောက်နန္ဒ လွတ်ရက်စေ့ဖို့ လအနည်းငယ် လိုသေးပေမယ့် သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုတယ်လို့ သူအလုပ်လုပ်ကိုင်ခဲ့တဲ့ Channel Mandalay သတင်းဌာနက RFA ကို ပြောပါတယ်။
ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ RSF ရဲ့ ဒီနှစ်အတွက် အစီရင်ခံစာထဲမှာလည်း သတင်းထောက် တစ်ယောက်ကို ထောင်ချထားတာ မဖြစ်သင့်ကြောင်း ဖော်ပြထားပြီး သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။
မန္တလေးအခြေစိုက် သတင်းထောက် နန္ဒဟာ ၂၀၁၉ ခုနှစ် မေလက အောင်သပြေကျေးရွာအနီး ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ရွာသားတွေ ဆန္ဒပြနေချိန် ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပွားမှု မြင်ကွင်းကို ရုပ်သံရိုက်ကူးပြီး အင်တာနက်ကနေ တိုက်ရိုက်လွှင့်နေခိုက် ဖမ်းဆီးခံရတာဖြစ်ပါတယ်။
ဒီနှစ် နိုင်ငံတော်သမ္မတ အမိန့်နဲ့ လွတ်မြောက်လာသူ နှစ်သောင်းကျော် ထဲမှာလည်း ကိုနန္ဒ မပါဝင်ခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ် သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက် လွတ်မြောက်လာခဲ့ခြင်းဟာ နိုင်ငံတကာဖိအားနဲ့ သက်ဆိုင်တယ်လို့ ရန်ကုန်အခြေစိုက် လွတ်လပ်စွာ ထုတ်ဖော်ဖြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ “အသံ” ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ယူဆပါတယ်။
“ရိုက်တာ သတင်းထောက်အမှုဟာ နိုင်ငံတကာကလည်း ဖိအားပေးမှုတွေ၊ တွန်းအားပေးမှုတွေ သူတို့ရဲ့ အာရုံစိုက်မှုတွေ အပြည့်အဝရတဲ့အခါမှာ အစိုးရက ဒီအပေါ်ကနေ ရုန်းထွက်ချင်တဲ့အတွက် လွှတ်ပေး လိုက်တာ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အရ ဖမ်းဆီး ထိန်းသိမ်းလို့ မရဘူးဆိုတာကို နားလည်လို့ မဟုတ်ဘူး၊ ဒါပေမဲ့ ကိုနန္ဒ အမှုမှာတော့ အဲဒီလို ဂရုစိုက်မှု မရနေဘူး၊ နိုင်ငံတကာ မီဒီယာတွေရော ပြည်တွင်းပြည်ပ မီဒီယာတွေရော အခြား အဖွဲ့အစည်းတွေကရော သူ့အပေါ်မှာ သူ့အမှုအပေါ်မှာ လိုက်ပါ ဆောင်ရွက်နေတာမျိုး ဖိအားပေးတာမျိုး သိပ်အားနည်းတယ်။ အဲဒီတော့ အစိုးရကလည်း ဂရုမစိုက်ဘဲနဲ့ မလွှတ်ပေးဘဲနဲ့ နေတယ်လို့ ကျွန်တော်တို့က မြင်တယ်ဗျ”
Channel Mandalay အယ်ဒီတာချုပ် ကိုမင်းဒင်ကတော့ အသက် ၄ဝ ကျော်အရွယ် ကိုနန္ဒဟာ သူတို့နဲ့ လက်တွဲလာတာ သုံးနှစ်ခွဲလောက်ရှိပြီလို့ ဆိုပါတယ်။ သူတို့ဌာနအတွက် စွန့်စွန့်စားစား သတင်းယူပေးနေချိန် အဖမ်းခံလိုက်ရတယ်လို့ RFA ကို ပြောပါတယ်။
“အဲဒီ ဖမ်းဆီးမခံရခင် မနက် မတိုင်ခင်ကတည်းက ဝင်ရောက်ပြီးတော့ အင်အားသုံးပြီး ဖြိုခွင်းမယ်လို့ ကြားကတည်းက သူက ကျွန်တော့ကို ခွင့်တောင်းပါတယ် ဖုန်းဆက်ပြီးတော့၊ ကျွန်တော်က ဟုတ်ပီ သတင်းလိုက်ပါ ဆိုပြီးတော့ မနက်မှ အစောသွားပါလား ဆိုတော့ မနက်ကိုသုံးနာရီ၊ လေးနာရီလောက် ဆိုတဲ့အတွက် သွားရင်မမီဘူး၊ အဲအတွက် အဲမှာ ညအိပ်ခွင့်ပေးပါဆို ကျွန်တော်ကိုယ်တိုင်က ညအိပ်ခွင့် ပေးလိုက်ပါတယ်၊”
အဲဒီတုန်းက သူ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်ချက်ကိုလည်း ကြည့်ရှု့သူ သန်းချီ ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာပဲ ရွာသား ၁၄ ယောက်လောက် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရသလို နောက်ထပ်ရွာသား ၃၀ လောက်ကတော့ ဖမ်းဝရမ်း ထုတ်ခံခဲ့ရပါတယ်။
သူတို့ရဲ့ တရားရုံးချိန်းတစ်ခုမှာ ကိုနန္ဒက သတင်းယူတဲ့သူကို ဖမ်းဆီး တရားစွဲဆိုထားတာဟာ သတင်းမီဒီယာအပေါ် ဖိနှိပ်မှုဖြစ်တယ်လို့ ပြောပါတယ်။
“ပြစ်မှု မကျူးလွန်ဘဲနဲ့ မတရားဖမ်းဆီး ချုပ်နှောင်ပြီးတော့ တရားစွဲဆိုထားတယ်၊ ကျွန်တော်တို့က ဘာပြစ်မှုမှ မကျူးလွန်ဘူး၊ စီမံကိန်းကို အကာကွယ်ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မတရားဖမ်းဆီး ချုပ်နှောင်တာဖြစ်တယ်”
ပြည်သူ့ဝန်ထမ်းကို ဒဏ်ရာရအောင်လုပ်တယ်ဆိုတဲ့ ပုဒ်မ ၃၃၂၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ တို့နဲ့ ဧပြီလဆန်းမှာ ပုသိမ်ကြီးမြို့နယ် တရားရုံးက သူ့ကို ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်လိုက်ပါတယ်။ ဒေသခံအမျိုးသားနှစ်ဦးလည်း ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရပါတယ်။
သတင်းထောက် ကိုနန္ဒဟာ အောင်သပြေရွာက ဆန္ဒပြသူတွေကို သွေးထိုးလှုံ့ဆော်ပေးခဲ့သူဖြစ်တယ်လို့ တချို့က ဝေဖန်ပါတယ်။
အထက်မြန်မာပြည် သတင်းသမားများအဖွဲ့၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုနိုင်ဝင်ထွန်းကတော့ ကိုနန္ဒဟာ တက်ကြွလှုပ်ရှားသူ ဖြစ်သလို သတင်းထောက်လည်း ဖြစ်တယ်လို့ ပြောပါတယ်။
“အဓိကရုဏ်း မဖြစ်ခင်ညကတည်းက အဲဒီရွာမှာသွားအိပ်ပြီးတော့ နောက်နေ့ မနက်စောစောမှာ ရဲတွေနဲ့ ရွာသားတွေနဲ့ အဓိကရုဏ်းပုံစံ ဖြစ်တဲ့အခါ သူတို့ရဲ့ Channel Mandalay page ကနေ Live လွှင့်ပေးခဲ့တယ်ပေါ့၊ သတင်းအလုပ် လုပ်နေရင်းတန်းလန်းနဲ့ အဖမ်းခံသွားရတယ်လို့ပဲ မြင်ပါတယ်”
ကိုနန္ဒဟာ ဘိလိပ်မြေစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံ အောင်သပြေ ရွာသားတွေကြား ထိပ်တိုက်တွေ့မှုများကို ဆက်တိုက် မှတ်တမ်းတင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူ အဖမ်းခံရချိန်မှာ သူ့သတင်းဌာနက ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ဆက်သွယ်ပြီး ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ကိုနန္ဒရဲ့ လုပ်ရပ်တွေဟာ သတင်းသမားရဲ့ လုပ်ရပ်တွေ မဟုတ်ဘူးလို့ ယူဆပြီး သူ့ကို ဆက်လက် အရေးယူခဲ့ပါတယ်။