သုခ ကုသိုလ်ဖြစ်ဆေးခန်းခွဲ ပြည်မြို့မှာ ဖွင့်တော့မည်

နာရေးကူညီမှုအသင်း (ရန်ကုန်) က ဖွင့်လှစ်တဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းပုံစံအတိုင်း အခမဲ့ ကုသပေးမဲ့ ဆေးခန်းခွဲကို ပြည်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) က ဖွင့်လှစ်ထားသော သုခ ကုသိုလ်ဖြစ် ဆေးခန်းတွင် အခမဲ့ ဓာတ်မှန် ရိုက်ကူးပေးနေပုံ ဖြစ်ပါသည်။ (Photo: RFA) Photo: RFA

နာရေးကုူညီမူအသင်း (ရန်ကုန်) တည်ရှိရာ ဒဂုံမြို့သစ် ( မြောက်ပိုင်း) မှာ ဖွင့်လှစ်ထားတဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းမှာ လာရောက် ပြသသူ လူနာတွေကို ဓာတ်မှန်ကအစ၊ ဆေးဝါးပါမကျန် အခမဲ့ ကုသပေးနေတာပါ။ တရက်ကို လူနာတရာကျော် လာရောက်ပြီး ကုသမှု ခံယူနေကြပါတယ်။ အဲဒီလို သုခဆေးခန်းခွဲတွေကို နယ်မြို့တွေမှာပါ ဖွင့်လှစ်ဖို့ နာရေးကုူညီမှုအသင်း (ရန်ကုန်) က စီစဉ်နေတာ ဖြစ်ပါတယ်။

အခု ပြည်မြို့မှာ ဖွင့်လှစ်မဲ့ ဆေးခန်းနဲ့ပတ်သက်ပြီး သုခဆေးခန်း တာဝန်ခံ ဒေါ်ရွှေဇီးကွက်က အခုလို ပြောပြပါတယ်။

“ပြည်မှာ စဖွင့်မယ်ပေါ့။ ဘာဖြစ်လို့ ပြည်ကို ရွေးတာလဲ ဆိုလို့ရှိရင် ၁ အချက်က မိုးမေတ္တာ လူငယ်များအဖွဲ့ပေါ့နော်၊ ကိုညီညီအောင်တို့က ကိုမိုးကြီးတို့ ကိုညီညီအောင်တို့က ကျွန်မတို့ ရေတွင်းတူးတဲ့ နေရာတွေမှာ ပြည်ဖက်မှာရော၊ နတ်မောက်ဖက်မှာရော သူတို့က ကူညီခဲ့တာ။ သူတို့ကလည်း ကျွန်မတို့ရဲ့ ပုံစံအတိုင်း လုပ်ပေးနိုင်တယ်ပေါ့နော်။ အဲဒါကြောင့် ကျွန်မတို့ ပြည်ကို ရွေးတယ်။ ပြီးတော့ ဆရာဝန်ရှိတဲ့နေရာ၊ ဘာဖြစ်လို့လဲဆိုတော့ ဆရာဝန်တွေကိုလည်း ဗော်လံတီယာပဲ လိုချင်လို့ ကျွန်မတို့က။ ကျွန်မတို့ အခု သုခဆေးခန်းပုံစံမျိုးပဲ၊ ရန်ကုန် သုခဆေးခန်းမှာ ဆရာဝန် အယောက် ၅၀ နီးပါးဟာ အားလုံးက ကုသိုလ်ဖြစ်ပဲ လာပြီး လုပ်ပေးနေကြတာ။”

ပြည်မြို့မှာ ဖွင့်လှစ်မဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းခွဲအတွက် ရတနာမာန်အောင် ဘုန်းကြီးကျောင်းဝင်း အတွင်းမှာ နေရာ အဆောက်အဦ ရရှိထားပြီး ဖြစ်တာကြောင့် ပြင်ဆင် မွမ်းမံနေတာတွေ ပြီးစီးရင် ဆေးခန်း စတင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီဆေးခန်းအတွက် ကုန်ကျစရိတ်အားလုံးကို နာရေး ကူညီမှုအသင်းက တာဝန်ခံပြီး မတည် ပံ့ပိုးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သုခကုသိုလ်ဖြစ် ဆေးခန်းနဲ့ပတ်သက်ပြီး ဒေါ်ရွှေဇီးကွက်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org