ချောင်းဦးမှာ စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးကိုပစ်သတ်ပြီး ၁၅ ဦးကို ဖမ်းဆီး

ဧပြီလ ၂ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ တောင်ဖီလာရွာကို စစ်ကောင်စီတပ်က အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာပြီး အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ငါးဦးကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ Chaung U Revolution

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တောင်ဖီလာရွာကို ဧပြီလ ၂ ရက် မနက်က စစ်ကောင်စီ စစ်ကြောင်းထိုးပြီးနောက် အရပ်သားနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ကာ ၁၅ ဦးကို ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ တောင်ဖီလာရွာကို စစ်ကောင်စီတပ်က အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာပြီး အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ငါးဦးကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မှန်ချိုက ခြောက်ယောက်ပါတယ်ဗျာ။ ထူးနီက ခြောက်ယောက်၊ တောင်ဖီလာဘက်က သုံးယောက်။ ဖမ်းခံရတာက မနက်ကဆိုတော့ စစ်ကြောင်းထိုးနေချိန် သုံးနာရီလောက် ဆိုတော့ မည်းမည်းမြင်ရာ အကုန်ဆွဲတော့တာ ထိပ်တိုက်တွေ့တော့"

မှန်ချိုရွာက ခြောက်ဦး၊ ထူးနီရွာက ခြောက်ဦးနဲ့ တောင်ဖီလာက သုံးဦး ဖမ်းဆီးခံရတာလို့ သူက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

စစ်ကောင်စီစစ်ကြောင်းဟာ တောင်ဖီလာရွာက နေအိမ် ငါးလုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီစစ်ကောင်စီစစ်ကြောင်းဟာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မန္တလေးတိုင်း မတ္တရာမြို့နယ် တို့ကို ဝင်ရောက်ခဲ့ပြီး လက်ရှိမှာ ချောင်းဦးမြို့နယ်ထဲကို ရောက်ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီစစ်ကြောင်းကပဲ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့  (CDSOM) ရဲ့ စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ဆင်ရိုင်းကို ပစ်ခတ်ဖမ်းဆီးပြီးနောက် ခေါင်းဖြတ်ခဲ့တယ်လို့ CDSOM က ဒရုန်းကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က မတ်လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းက ပြည်သူ ၁၇,၀၇၅ ဦးကို ဖမ်းဆီးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org