မတ္တရာမြို့နယ် ချောင်းတော်၀ရွာက နေအိမ် ၂၀ ခန့် မီးရှို့ခံရ

မတ္တရာမြို့နယ်အရှေ့ခြမ်း ချောင်းတော်ဝရွာက နေအိမ်နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့သွားပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်း ချောင်းတော်ဝရွာ မီးရှို့ခံထားရသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့က တွေ့ရစဉ်။ မြေလတ်အသံ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း ချောင်းတော်ဝရွာက နေအိမ်နှစ်ဆယ်ခန့်ကို မေလ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အင်အားငါးဆယ်ခန့်ပါ စစ်ကြောင်းဟာ ချောင်းတော်ဝရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့ခဲ့တာလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုဘိုတောက်က RFA ကို ပြောပါတယ်။

“စကစက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးသလိုပဲ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ပြီး ဝင်ရောက်လာတာပါ။ ရွာထဲက စာသင်ကျောင်း အပါအဝင် အလုံးနှစ်ဆယ်လောက်ကို မီးရှို့သွားတာ။ စစ်ကြောင်းထိုးတာ မကြာခဏလုပ်နေတာပဲ“

မြို့ပေါ်ကနေ ရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ သတင်းရပြီးကတည်းက ဒေသခံတွေ ကြိုတင်တိမ်းရှောင်ခဲ့တာကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရတာတော့ မရှိဘူးလို့ ဆိုပါတယ်။

မတ္တရာမြို့ပတ်ပတ်လည်ကရွာတွေကို ပြီးခဲ့တဲ့လတွေကတည်းက အခုလို မကြာခဏဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေသလို မေလထဲမှာတော့ ချောင်းတော်ဝရွာက ပထမဆုံးပဲလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ မေလ ၃ ရက်နေ့ စာရင်းအရ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ မန္တလေးတိုင်းထဲက နေအိမ် ၁၂၂၀ လုံးကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org