မချောစန္ဒီထွန်းကို ရဲက နောက်ထပ်တစ်မှု ထပ်မံတိုး
ကာကွယ်ရေးဦးစီးချုပ်ကို လူမူရေးကွန်ရက် FB စာမျက်နှာကနေ သိက္ခာချတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က အဖမ်းခံရတဲ့ မအူပင်မြို့က မချောစန္ဒီထွန်းကို အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူထားရာက နောက်ထပ် အသရေဖျက်မူ (ပုဒ်မ ၅ဝဝ) ထပ်တိုးလိုက်တယ်လို့ မနေ့က သမီးဖြစ်သူကို မအူပင်ထောင်မှာသွားတွေ့စဉ်က မချောစန္ဒီထွန်းက ပြောဆိုကြောင်း မိခင် ဒေါ်အိစံက RFA ကိုပြောပါတယ်။
-
2015-10-14 -
-
-
Your browser doesn’t support HTML5 audio
ကာကွယ်ရေးဦးစီးချုပ်ကို လူမှုရေးကွန်ရက် FB စာမျက်နှာကနေ သိက္ခာချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာ လ ၁၃ ရက်နေ့က အဖမ်းခံရတဲ့ မအူပင်မြို့က မချောစန္ဒီထွန်းကို အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူထားရာ က နောက်ထပ် အသရေဖျက်မူ (ပုဒ်မ ၅ဝဝ) ထပ်တိုးလိုက်တယ်လို့ မနေ့က သမီးဖြစ်သူကို မအူပင်ထောင်မှာ သွားတွေ့စဉ်က မချောစန္ဒီထွန်းက ပြောဆိုကြောင်း မိခင် ဒေါ်အိစံက RFA ကိုပြောပါတယ်။
မချောစန္ဒီထွန်းကို မအူပင်ထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပြီး ရမန် ယူထားစဉ်မှာ စစ်ဆေး မေးမြန်းတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ကပြောခဲ့ပေမဲ့ မနေ့က ဝန်ခံချက်တွေ ဖိအားပေးပြီး ထိုးခိုင်းခဲ့တယ်လို့ မိခင်ဒေါ်အိစံက ပြောပါတယ်။
"လူတွေဘာတွေ ရဲတွေဘာတွေခြံရံပြီးတော့ ကိုယ့်မြို့နယ်မှူး အဲ့လိုပေါ့ ခြံရံပြီးတော့ အထဲကိုခေါ်သွားတာတွေ့ တယ်၊ ကျမတို့ မတွေ့ရဘူး၊ မနက် ၁ဝ နာရီခွဲသွားတော့လေ မတွေ့ရဘူး၊ အဲ့ဒါ ညနေ ၃ နာရီခွဲသွားတဲ့အခါ ကျတော့မှ သူ့ကိုတွေ့ခွင့်ရတယ်၊ တွေ့ခွင့်ရတော့ သူ့ကိုရဲ ၁ဝ ယောက်လောက်ကပေါ့နော် ဘေးနားမှာ မြို့နယ်မှူး၊ စခန်းမှူး၊ စစ်ဘက်ဆိုင်ရာတွေ့တော့ ပါမှာပေါ့၊ ကျမတို့လည်း သေသေချာချာ သတိထားပြီးတော့ မကြည့်တာဖြစ်မယ်၊ သူ့ကိုတောက်လျှောက် ဖိအားပေးပြီးတော့ မေးခွန်းတွေမေးတယ်ပေါ့၊ လက်မှတ်တွေ သူ့ကိုအတင်းထိုးခိုင်းတယ်၊ အဲ့ဒါတွေလုပ်ပါတယ် ထွက်ချက်တွေ သူတို့ကလူမသိတဲ့ ယူနေတဲ့ပုံစံလုပ်နေတာ၊ ပုဒ်မကို တိုးတယ်တဲ့ ၅ဝဝ တဲ့ ကျမရှေ့နေကို ကျမ မပြောရသေးပါဘူး"
မိခင်ဖြစ်သူ အဆိုအရ မချောစန္ဒီမှာ FB အကောင့် တစ်ခုမကရှိပြီး သူ့မိတ်ဆွေတချို့က သူ့နာမည်ယူပြီး ဓါတ်ပုံနဲ့ စာများကို တင်တာရှိလို့ သူ့မှာအပြစ်မရှိဘူးလို့ ပြောပါတယ်။
လောလောဆယ်မှာ မချောစန္ဒီထွန်းကို ရမန်နှစ်ပတ်ပေးထားပြီး ဒုတိယအကြိမ်ရုံးချိန်းကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်ပါတယ်။ သူ့ရဲ့အမှုကို လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်က လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။
မချောစန္ဒီထွန်းရဲ့မိခင် ဒေါ်အိစံကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။