စစ်တွေမြို့က ပြန်လာတဲ့ သံဃာတော်တွေကို စစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲဖြေပြီးပြန်ကြွတဲ့ သံဃာတော်အပါး ၃၀၀ နီးပါးကို ဒီနေ့မနက်က ပဲခူးတိုင်းအရောက်မှာ အာဏာပိုင်တွေက ထိန်းသိမ်းစစ်ဆေးခဲ့ပါတယ်။

စစ်တွေမြို့ အဝင်ဝကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲဖြေပြီးပြန်ကြွတဲ့ သံဃာတော်အပါး ၃၀၀ နီးပါးကို ဒီနေ့မနက်က ပဲခူးတိုင်းအရောက်မှာ အာဏာပိုင်တွေက ထိန်းသိမ်းစစ်ဆေးခဲ့ပါတယ်။

AA ရက္ခိုင့်တပ်မတော်က သင်္ကန်းဝတ်နဲ့ ပုံဖျက်ပြီးလာတယ်ဆိုတဲ့ သံသယနဲ့ စစ်ဆေးခံရတာဖြစ်တယ်လို့ စစ်ဆေးခံရသူတွေထဲမှာပါဝင်တဲ့ သံဃာတော်တစ်ပါးဖြစ်တဲ့ ဦးအဂ္ဂဝံသက RFA ကို မိန့်ပါတယ်။

အဲဒီသံဃာတော်တွေဟာ မနေ့က စစ်တွေမြို့ကနေ ကား ၇ စီးနဲ့ပြန်ကြွသွားတာဖြစ်ပြီး ပဲခူးတိုင်း ဥသျှစ်ပင် စစ်ဆေးရေးဂိတ်နဲ့ နဝဒေး စစ်ဆေးရေးဂိတ်တွေမှာ အသီးသီး စစ်ဆေးခဲ့သလို ပြည်မြို့ ဇောတိကာရုံကျောင်းတိုက်မှာ ဆက်လက်ထိန်းသိမ်းပြီး စစ်ဆေးခဲ့တာလို့ သိရပါတယ်။

ဒီနေ့ မနက် ၂ နာရီလောက်ကနေ နေ့လယ် ၂ နာရီလောက်အထိ စစ်ဆေးပြီးနောက် အားလုံးကို ပြန်လွှတ်လိုက်တယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

သံဃာတော်အပါး ၃၀၀ နီးပါး လိုက်ပါလာတဲ့ ကား ၇ စီးဟာ မနေ့ကမနက်ပိုင်းမှာ စစ်တွေမြို့ကနေ စတင်ထွက်ခွာခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲက ကား ၄ စီးဟာ ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ဥသျှစ်ပင် စစ်ဆေးရေးဂိတ်နဲ့ လမ်းခွဲကနေသွားရောက်တဲ့ နောက်ထပ် ကား ၃ စီးကတော့ နဝဒေးတံတား စစ်ဆေးရေးဂိတ်အရောက်မှာ အာဏာပိုင်တွေရဲ့ စစ်ဆေးမှုကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အဲဒီကား ၇ စီးလုံးကို ပြည်မြို့မှာရှိတဲ့ ဇောတိကာရုံကျောင်းတိုက်ကို ခေါ်ယူပြီး အဲဒီကျောင်းတိုက်အတွင်းမှာပဲ အသေးစိတ် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

"မနက်ပိုင်းကစစ်တာနဲ့ပတ်သက်လို့ ဆရာတော်ကြီးတစ်ပါး ပြောတာက - အဲဒီမှာ ဆရာတော်ကြီး ၃ ပါးရှိတယ် ဗမာဘုန်းကြီးတွေ။ အဲဒီဗမာဆရာတော်တွေက ဘာတွေပြောလဲဆိုလို့ရှိရင် ဒီရခိုင်က နေပြီးတော့ AA လက်နက်ကိုင်အဖွဲ့တွေက သင်္ကန်းဝတ်ပြီး လာဖို့ရှိကြောင်း သတင်းကြားတယ်လို့ ပြောတယ်။ အဲဒီအတွက်နဲ့ မယုံသင်္ကာဖြစ်လို့ စစ်တယ်လို့ပြောတယ်။ ဦးဇင်းတို့ကတော့ စာဖြေ သွားတာပါလို့ ပြန်ပြောတယ်။ သူတို့က စာမေးပွဲဖြေဆိုခဲ့တဲ့ မေးခွန်းလွှာတွေကို တောင်းတယ်။ အဖြေလွှာတွေကိုရော အဲဒါတွေကိုပါ ထုတ်ပြရတယ်။ အာဏာပိုင်တွေက အဲဒါကိုမယုံတော့ မလွှတ်ပေးဘူး၊ မသွားရဘူး"

စစ်ဆေးမေးမြန်းခံရတာနဲ့ပတ်သက်လို့ ဦးအဂ္ဂဝံသ မိန့်ကြားတာကို ကြားခဲ့ရတာပါ။

ရဲတပ်ဖွဲ့၊ လဝကနဲ့ ပူးပေါင်းအဖွဲ့က သံဃာတော်တွေရဲ့ သာသနာဝင် စီစစ်ရေးကတ်တွေ၊ ကပ္ပိယအဖြစ် လိုက်ပါသူတွေရဲ့ နိုင်ငံသားစီစစ်ရေး ကတ်တွေကို စစ်ဆေးခဲ့သလို တစ်ဦးချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကို စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ဂျပန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေက သံဃာတော်တွေအပါဝင် မြန်မာပြည်အနှံ့က သံဃာတော်အပါး ၅၀၀ ကျော်ဟာ စစ်တွေမြို့မှာ ရက္ခပူရသာသာနာလင်္ကာရအသင်းက ကြီးမှူးကျင်းပတဲ့ သာမဏေကျော်စာမေးပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကြွရောက်ဖြေဆိုခဲ့ကြတာပါ။

မြန်မာပြည်တွင်းမှာ နေရာအနှံ့က သံဃာတော်တွေ လာရောက်ဖြေဆိုကြတဲ့ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ ဖြေဆိုနိုင်တဲ့ နေရာ ၁၄ ခုရှိပြီး အဲဒီအထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ စစ်တွေမြို့က သာသာနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ၂၀၁၆ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်ဆိုရင် ၄ ကြိမ်မြောက်ဖြစ်ပါတယ်။

စစ်တွေမြို့ကို လာရောက်ဖြေဆိုကြတဲ့ သံဃာတော်တွေအထဲက သံဃာတော်အပါး ၇၀ ခန့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြန်ကြွသွားခဲ့သလို ကျန်တဲ့သံဃာတော်တွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် အသီးသီး ပြန်ကြွသွားခဲ့ကြတာပါ။

အာဏာပိုင်တွေဘက်က စစ်ဆေးခဲ့ပုံနဲ့ပတ်သက်လို့ သံဃာတော်တွေနဲ့အတူ ကပ္ပိယအဖြစ် လိုက်ပါခဲ့တဲ့ စေတနာ့ဝန်ထမ်း ကိုကျော်ဇံအောင် က အခုလိုပြောပါတယ်။

"ကားရပ်တာနဲ့ သူတို့က ကျွန်တော်တို့ သံဃာတော်တွေကို စစ်တယ်။ သူတို့က မသင်္ကာတဲ့ပုံစံမျိုးနဲ့ မေးတာပေါ့နော။ သူတို့မေးတာက ရခိုင်ကို ဘာလို့သွားလဲ၊ ဘာလို့ပြန်လာတာလဲ၊ စာမေးပွဲကို ရန်ကုန်မှာ ဖြေလို့မရဘူးလား၊ ရခိုင်မှာ ဘာလို့ဖြေတာလဲဆိုပြီးတော့ သူတို့က မေးပါတယ်။ ကျွန်တော်က ကြိုပို့လုပ်နေတာ ၄ နှစ်ရှိပြီ။ ဒီလိုအတားအဆီးတွေနဲ့ တစ်ခါမှ မကြုံဖူးသေးဘူး"

သံဃာတော်တွေဟာ မနက် ၂ နာရီလောက်ကတည်းက စစ်ဆေးခံရတာကနေ နေ့လယ် ၂ နာရီလောက်မှာမှ အာဏာပိုင်တွေက ပြန်ခွင့်ပြုလိုက်တယ်လို့လည်း သိရပါတယ်။

အဲဒီအထဲက သံဃာတော်တွေနဲ့ ကိုရင်အပါး ၅၀ ကျော်မှာ စီစစ်ရေးကတ်ပြားတွေ မပါလို့ဆိုပြီး ဝန်ခံလက်မှတ် ရေးထိုးခိုင်းသလို ဓာတ်ပုံမှတ်တမ်းတွေကိုပါ အသေးစိတ်ယူပြီးမှ ပြန်လွှတ် ပေးလိုက်တာလို့လည်း ကိုကျော်ဇံအောင် က ပြောပါတယ်။

အခုလို ထိန်းသိမ်းစစ်ဆေးတဲ့ကိစ္စနဲ့ပတ်သက်လို့ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင်ကို RFA က ဒီနေ့ ညနေပိုင်းထိ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်း ကတော့ သူတို့အနေနဲ့ မသိရှိသေးကြောင်း RFA ကိုပြောပါတယ်။

စာမေးပွဲကိုကြီးမှူးကျင်းပတဲ့ ရက္ခပူရသာသာနာလင်္ကာရအသင်းက ဥက္ကဋ္ဌ ဦးမြင့်ဦးက အခုလိုပြောပါတယ်။

"မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာတော်တွေဘက်က ပြောစရာဖြစ်လာနိုင်ပါတယ်။ သို့အပြင် နိုင်ငံခြားက သံဃာတွေလည်း ပါတယ်လေ၊ ဥပမာဆိုပါစို့ ဂျပန်နိုင်ငံက သံဃာတွေလည်း ပါပါတယ်။ အဲဒီသံဃာတွေက မြန်မာနိုင်ငံက လင်္ကာရစာမေးပွဲ သွားဖြေရာမှာ အစစ်ဆေးခံရတယ် စသဖြင့် ဖြစ်သွားရင် မြန်မာနိုင်ငံရဲ့ ပုံရိပ်ဟာ တော်တော်လေးကို သိက္ခာကျပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က အဲလိုစစ်ဆေးတာမျိုးတွေ မဖြစ်စေချင်ပါဘူး"

ဒီနေ့မနက်က အာဏာပိုင်တွေရဲ့ ထိန်းသိမ်းစစ်ဆေးမှုကို ခံခဲ့ရတဲ့ ဦးအဂ္ဂဝံသကလည်း အခုလိုမိန့်ပါတယ်။

"ဒါကတော့ မသင့်တော်ဘူးလို့ ထင်တယ် ဒကာကြီးရေ။ တောင်ကြီး၊ မြင်းခြံ၊ မော်ကျွန်း၊ မန္တလေး၊ ပခုက္ကူ၊ မုံရွာ စသဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ သာမဏေကျော် စာမေးပွဲအားလုံးကို သွားဖြေနေတာ ဦးဇင်းတို့ဆီက မှတ်ပုံတင်တွေကို ဘယ်သူမှမတောင်းဘူးလေ။ ဒီကိစ္စက မသင့်တော်ဘူးလို့ မြင်ပါတယ်။ တမင်တကာကို အနှောင့်အယှက်ပေးတယ်လို့ပဲ မြင်တယ်"

အာဏာပိုင်တွေရဲ့ ထိန်းသိမ်းစစ်ဆေးမှုကို ကြုံခဲ့ရတဲ့ သံဃာတော်တွေဟာ ဒီနေ့မနက်က အာရုံဆွမ်းကို သုံးဆောင်နိုင်ခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ရက္ခပူရသာသနာလင်္ကာရအသင့်က စာမေးပွဲဖြေဖို့ ကြွရောက်တဲ့ သံဃာတော်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ခရီးစဉ်တွေပါဝင်တဲ့ အသေးစိတ်အချက်အလက်တွေအားလုံး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ကြိုတင် ပေးပို့ အကြောင်းကြားခဲ့တယ်လို့လည်း သိရပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org