ကြက်ဆုံးရှုံးခဲ့တဲ့ မွေးမြူရေးသမားတွေ အကူအညီရဖို့ သမ္မတထံ တင်ပြမည်
ကြက်ငှက်တုပ်ကွေး H5N1 ရောဂါကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းမှာ သုတ်သင်ရှင်း လင်းခဲ့တဲ့ ကြက် အကောင်ရေ ၃ သောင်းလောက်ကို ဆုံးရှုံးခဲ့တဲ့ မွေးမြူရေး သမားတွေအတွက် တစ်စုံတစ်ရာ ကူညီမှု ရရှိအောင် နိုင်ငံတော်သမ္မတထံ တင်ပြသွားမယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက ပြောပါတယ်။
-
2017-08-13 -
-
-
ကြက်ငှက်တုပ်ကွေး H5N1 ရောဂါကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းမှာ သုတ်သင် ရှင်းလင်းခဲ့တဲ့ ကြက် အကောင်ရေ ၃ သောင်းလောက်ကို ဆုံးရှုံးခဲ့တဲ့ မွေးမြူရေးသမား တွေအတွက် တစ်စုံတရာ ကူညီမှု ရရှိအောင် နိုင်ငံတော်သမ္မတထံ တင်ပြသွားမယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက ပြောပါတယ်။
သမ္မတဆီတင်ပြတဲ့အခါ ချေးငွေသဘောပဲဖြစ်ဖြစ်၊ ထောက်ပံ့ကြေးပေးတဲ့ ပုံစံပဲဖြစ်ဖြစ် နစ်နာကြေးအနေ နဲ့ ပေးတာဖြစ်ဖြစ် တစ်စုံတစ်ရာ ကူညီပေးဖို့ အသနားခံသွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဟိုပင် က ပြောပါတယ်။
"တိမွေးကု ပညာရှင်တွေက သူတို့သိပါတယ်ခင်ဗျ၊ ဘယ်ခြံမှာ အကောင်ဘယ်လောက် သုတ်သင်လိုက် ရတယ်၊ ဘယ်အဆင့်က ဘယ်လောက်တန်တယ်ဆိုတာ၊ သူတို့ငွေကြေးနဲ့ အတူတကွတင်လာပါလိမ့်မယ်၊ သူတို့ဆီက အရေအတွက်အတိအကျရတာနဲ့ ကျနော်တို့ဆီကနေပြီးတော့ Cabinet က ဆုံးဖြတ်ပြီးတာနဲ့ တင်သွားမှာပါ၊ အသနားခံသွားမှာပါ၊ ဒါပေမဲ့ ကျနော်တို့ သမ္မတဆီတင်တဲ့အခါကျတော့ ဒီငွေကြေး ပမာဏအတိုင်း ချေးငွေလိုပေါ့လေ၊ ထောက်ပံ့ကြေးပေးတဲ့ပုံစံမျိုး ဖြစ်ကောင်းဖြစ်မယ်၊ သို့မဟုတ် နစ်နာကြေးအနေနဲ့ ပေးတာဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါကတော့ သမ္မတရုံးရဲ့အဆုံးအဖြတ် ဖြစ်ပါ လိမ့်မယ်။"
လက်ရှိအချိန်မှာ ထားဝယ်မြို့က H5N1 စတွေ့တဲ့ ကြက်ခြံနဲ့ ၁ ကီလိုမီတာအတွင်းမှာရှိတဲ့ ကြက်ခြံ ၈ ခြံ လောက်က ကြက်အကောင်ရေ ၃ သောင်းလောက်ကို သုတ်သင်ထားပြီး ဖြစ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ ၂ ကီလိုမီတာအတွင်းမှာရှိတဲ့ ကြက်ခြံတွေကို ဆက်လက်စစ်ဆေး နေတယ်လို့လည်း သိရပါတယ်။
H5N1 ရောဂါကို ထားဝယ်မြို့နယ်က ကြက်ခြံတွေမှာသာတွေ့ရှိထားပေမယ့် တနင်္သာရီတိုင်း တခုလုံးမှာ ကြက်ဥ၊ ကြက်သားမစားကြဖို့နဲ့ ရောင်းဝယ်ဖောက် ကားတာတွေမပြုလုပ်ကြဖို့ ညွှန်ကြားထားပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်မှာရှိတဲ့ ကြက်ခြံတချို့မှာ မွေးမြူ ထားတဲ့ ကြက်တွေ ထောင်ချီသေဆုံးခဲ့တာကြောင့် ရန်ကုန်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းကိုပေးပို့ပြီး ဓာတ်ခွဲစစ်ဆေးတဲ့အခါ ကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားနေတယ်ဆိုတာကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။