ခင်ဦးနဲ့ကသာမှာ ဗုံးသီးပေါက်ကွဲလို့ ကလေးနှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

ခင်ဦးနဲ့ ကသာမြို့နယ်တွေမှာ ဗုံးသီးပေါက်ကွဲခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသောကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ကသာမြို့နယ်တွေမှာ မတ်လ ၅ ရက်မှာ ဗုံးသီးပေါက်ကွဲခဲ့တာ ကြောင့် ကလေးနှစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာမှာ မတ်လ ၅ ရက် နေ့လယ်က စစ်ပွဲလက်ကျန်ဗုံးသီးတစ်လုံး ပေါက်ကွဲပြီး အသက် ၁၂ နှစ်အရွယ် မောင်ချစ်ရင်ထူး သေဆုံးခဲ့တယ်လို့ ခင်ဦးဒေသခံတွေ က ပြောပါတယ်။

မောင်ချစ်ရင်ထူးဟာ တောစပ်အနီးနွားကျောင်းထွက်ချိန် မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံး ကို တွေ့ရှိတာကြောင့် ကောက်ယူခဲ့ပြီး နေအိမ်ခြံဝန်းတစ်ခုထဲမှာ ဗုံးသီးကိုထားတာမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ အဲဒီနေရာမှာပဲ မောင်ချစ်ရင်ထူး သေဆုံးခဲ့တယ်လို့ အလယ်ရှို ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"သူကနွားကျောင်းရင်းနဲ့ အဲဒီကျည်ဖူးကို ကောက်ရတာ။ ရွာနားပြန်ရောက်တော့ ကလေးရဲ့အမျိုးတွေ အိမ်ခြံဝန်းတစ်ခုရဲ့ အုတ်ကန်ပေါ်မှာ တင်လိုက်တာ။ အဲဒီမှာ ပေါက်ကွဲသွားတာ။ နေရာမှာတင် သေသွားတယ်"

အလားတူပဲ ကသာမြို့နယ်၊ ပျဉ်ထောင်လေးရွာမှာ မတ်လ ၅ ရက်က ဗုံးသီးတစ်လုံး ပေါက်ကွဲကာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ပျဉ်ထောင်လေးရွာအနီး တောစပ်က ဇီးပင်အောက်မှာ ဇီးသီးကောက်ဖို့ မြက်ရှင်း နေတာ။ မြက်ရှင်းနေတဲ့ အချိန်ကျည်ဖူးကို ဓားနဲ့ခုတ်မိပြီး ပေါက်ကွဲတာ။ ဓားက ထက်ပိုင်းကျိုးသွားတယ်။ တစ်ယောက်က သေသွားတယ်။ နောက်တစ်ယောက်က ထိခိုက်ဒဏ်ရာရလို့ ဆေးကုနေတယ်။ အဲဒီရွာအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့တော့ ကျကျန်ခဲ့တာနေမှာ"

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ပွဲလက်ကျန်ဗုံးသီးနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေရဲ့ အန္တရာယ်နဲ့ပတ်သက်လို့ အသိပညာပေးရေးတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတက်တဲ့ပစ္စည်းတွေကြောင့် နိုင်ငံတစ်ဝန်း ကလေးငယ် ၃၅ ဦး သေဆုံးပြီး ၉၈ ဦးက ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org