မြောက်ဦးမြို့နယ်ပေါက်ကွဲမှုမှာ ကလေး တစ်ဦးသေ၊ လေးဦးဒဏ်ရာရ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာမှာ ဒီကနေ့ မတ်လ ၆ ရက်မနက်က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့လို့ ကလေး ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
-
ဖြူဖြူခိုင်၊ ခက်မာ
2020-03-06 -
-
-
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာမှာ ဒီနေ့မနက် ၇ နာရီလောက်က နွားကျောင်းဖို့ ထွက်သွားကြတဲ့ မွတ်စလင် ကလေး ငါးယောက်ဟာ ပလောင်တောရွာနားအရောက်မှာ ဗုံးတလုံး ပေါက်ကွဲပြီး အသက် ၁၁ နှစ်အရွယ် ကလေး တစ်ယာက် သေဆုံးခဲ့သလို လေးယောက် ဒဏ်ရာရသွား ပါတယ်။
အဲဒီဖြစ်ရပ်ကို ပေါင်းတုတ်ရွာ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က RFA ကို အတည်ပြုပြောဆိုပါတယ်။
“ လူ ငါးယောက် နွားကျောင်းရင်းသွားတဲ့နေရာမှာ ပေါက်တာ။ ပေါက်တာကတော့ ဗုံးလို့ပြောတယ်။ မနေ့ကတည်းက သတင်းကြားတာကတော့ ဗုံံးတစ်လုံး ဒီနားမှာတွေ့တယ်ပြောတယ်။ ကလေးတွေကလည်း ဒီဗုံးကို ကိုင်ကြည့်မယ်လေ။ ပေါက်ကွဲတော့ တစ်ယောက်သေတယ်။ လေးယောက် ဒဏ်ရာရတယ်"
ဒဏ်ရာရတဲ့ လေးယောက်ထဲက ပြင်းထန်တဲ့သူနှစ်ယောက်ကို မြောင်းဘွေဆေးရုံကို ပို့လိုက်တယ်လို့ ဦးထွန်းလှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မြောက်ဦးမြို့နယ် မြောင်းဘွေရွာနဲ့ ရွှေလံရွာနားမှာ တပ်မတော်စစ်ကြောင်းကို AA က မိုင်းခွဲတိုက်ခိုက်ခဲ့ရာက တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲဖြစ်တုန်းက ကျကျန်ခဲ့တဲ့ ဗုံးတွေဖြစ်နိုင်တယ်လို့ မြောက်ဦးပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ယူဆပါတယ်။
“ ဗုံးတို့၊ အမြှောက်တို့ ကျည်တို့ဆိုတာက ပေါက်ကွဲရင် အနီးအနား ပတ်ဝန်းကျင်က လူထိခိုက်ဒဏ်ရာရနိုင်တယ်။ အဲဒီလက်နက်တွေကို သုံးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ရဲ့ပစ္စည်းတွေကို အများပြည်သူ မထိခိုက်ရအောင် လုံလုံခြုံခြုံထားသင့်တယ်"
ဘယ်လက်နက်ကိုင်အဖွဲ့က ကျကျန်ခဲ့တဲ့ လက်ပစ်ဗုံးလဲဆိုတာကို အတိအကျ မပြောနိုင်ပေမယ့် အခု ရက်ပိုင်းအတွင်း ပေါင်းတုတ်ရွာအနီးကို တပ်မတော်စစ်ကြောင်းက မကြာခဏဖြတ်သန်းသွားလေ့ရှိ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
AA အဖွဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ .....
“ ဒီဟာကတော့ ကျွန်တော်တို့နဲ့ ဘာမှပတ်သက်မှု မရှိဘူး။ အဲဒီပေါင်းတုတ်ရွာဆိုတာက မြန်မာစစ်တပ် ရဲ့ ခမရ ၅၄၀ နဲ့နီးနီးလေးမှာရှိတာ။ ကျွန်တော်တို့တပ်တွေလည်း အဲဒီရွာနားကိုသွားတာ လုံးဝမရှိဘူး။ အဲဒီမှာလက်ပစ်ဗုံးတွေ ကျန်ခဲ့တယ်ဆိုတာက မြန်မာစစ်တပ်တွေ အဲဒီနေရာနားမှာ ကင်းလှည့်လို့ ကျန်ခဲ့တာတွေဖြစ်နိုင်တယ်"
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီဖြစ်ရပ်က မြေမြှုပ်မိုင်းပေါက်ကွဲတာလို့ပြောပါတယ်။
ရခိုင်စစ်ရေးကာလတလျှောက်မှာ အရပ်သားတွေ မထိခိုက်အောင် ဆောင်ရွက်ဖို့ တပ်မတော်ရော၊ AA အဖွဲ့ကိုပါ နိုင်ငံတကာက ထောက်ပြပြောဆိုနေတဲ့ကာလမှာပဲ အရပ်သားတွေ ထိခိုက်မှုက နေ့စဉ်လိုလို ရှိနေပါတယ်။
မြောက်ဦးမြို့နယ် မြောင်းဘွေရွာအနားမှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအပြီး အရပ်သားအနည်းဆုံး ၁၁ ယောက် သေဆုံးသလို၊ ၁၃ ယောက် ပျောက်ဆုံးနေပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ တစ်လထဲမှာတင် သေဆုံးတဲ့ အရပ်သား ၁၈ ယောက်ရှိပြီး ၇၁ ယောက်ဒဏ်ရာရတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့အထိ တနှစ်ကျော်ကြာစစ်ပွဲတွေအတွင်းမှာ အရပ်သားသေဆုံးတာ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၃၀၀ ကျော်အထိ ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောထားပါတယ်။