မြန်မာပြည်မှာ ကလေးအလုပ်သမားခြောက်သိန်းကျော်ရှိ

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ခြောက်သိန်းကျော်လောက်ဟာ ဘေးအန္တရာယ်ရှိတဲ့ ဒါမှမဟုတ် ဘေးဖြစ်စေတဲ့အလုပ်တွေကို လုပ်ကိုင်နေရပြီး ကျန်းမာရေး၊လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်နေရတယ်လို့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောက်သယ်နေတဲ့ ကလေးလုပ်သားတွေကို တွေ့ရစဉ်

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား အမြစ်ပြတ်ဖယ်ရှားနိုင်ရေးနဲ့ ကလေးတွေအတွက် အန္တရာယ်ရှိတဲ့ အလုပ်တွေကို စာရင်းပြုစုပေးနိုင်ရေးအတွက် အမျိုးသားအဆင့် လုပ်ဆောင်နေတယ်လို့ ဇွန်လ ၁၁ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

■ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ၆ သိန်း ကျော်လောက်ဟာ  ဘေးအန္တရာယ်ရှိတဲ့ ဒါမှမဟုတ် ဘေးဖြစ်စေတဲ့အလုပ်တွေကို လုပ်ကိုင်နေရပြီး ကျန်းမာရေး၊လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်နေရတယ်လို့ ၂ဝ၁၉ အတွက် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကလေးအလုပ်သမားတွေအရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက အခုလို ပြောသွားခဲ့ပါတယ်။

“Child Labor ပပျောက်ရေးကို အဓိကဆောင်ရွက်နေတာက  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနလက်အောက်မှာရှိတဲ့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ဆောင်ရွက်နေပါတယ် ခင်ဗျ”

ကလေးအလုပ်သမားတွေဟာ အသက် ၁၅ နှစ်က ၁၇ နှစ်ကြားအများစုဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“အသက် ၅ နှစ်မှ ၁၇ နှစ်ထိ ကလေးဦးရေ ၁၂.၄ သန်းနဲ့ ကလေးဦးရေရဲ့ ၃ဝ ရာခိုင်နှုန်းကျော်ဟာ ကျေးလက် ကလေးအလုပ်သမားများဖြစ်ပြီး ၂ဝ ရာခိုင်နှုန်းကျော်ဟာ မြို့ပြကလေးအလုပ်သမားများ ဖြစ်နေတာကြောင့် ပြည်တွင်းကလေးအလုပ်သမားဈေးကွက်မှာ ၁၅ နှစ်မှ ၁၇ နှစ်ထိ ကလေးတွေဟာ ကလေးအလုပ်သမားအဖြစ် အများဆုံးအလုပ်လုပ်ကိုင်နေကြရတဲ့ အသက်အပိုင်းအခြားများဖြစ်ကြောင်း၊ အများစုကတော့ မူလတန်းကျောင်း အဆင့်သာပြီးမြောက်ကြောင်းကိုလည်း စစ်တမ်းတွေအရ ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်” 

ကလေးအလုပ်သမားတွေ အမြစ်ပြတ်ဖယ်ရှားနိုင်ရေးနဲ့ ကလေးတွေအတွက် အန္တရာယ်ရှိတဲ့ အလုပ်တွေကို စာရင်းပြုစုပေးနိုင်ရေးအတွက် အမျိုးသားအဆင့် လုပ်ဆောင်နေတယ်လို့လည်း ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း က ပြောပါတယ်။

လူ့ဂုဏ်သိက္ခာ တိုးတက်ရေးလှုပ်ရှားမှုအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်စိုးစိုးဦးကတော့ ဒီနှစ်ပိုင်းတွေမှာ ကလေးအလုပ်သမားတွေ ပိုများလာတယ်လို့ ပြောပါတယ်။

“ကလေးအလုပ်သမား ပိုတိုးလာတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့စီးပွားရေးကျပ်တည်းမှုနဲ့ အလုပ်တွေအရမ်းရှားပါးလာတဲ့အတွက်။ ဥပမာ နယ်တွေမှာဆိုရင် သိမ်းဆည်းခံမြေတွေများနေတယ်။ ပြီးတော့ ရာသီဥတုကြောင့်ဖြစ်တာတွေရှိတယ်။ NGO အဖွဲ့အစည်းတွေပေါ်လာတဲ့အတွက် ဒီဘက်မှာတော့ ကလေးတွေရဲ့ရပိုင်ခွင့် အခွင့်အရေးတွေတော့ ပိုပြီးရလာကြတယ်။ ဘယ်အချိန်ကနေ ဘယ်အချိန်အလုပ် လုပ်ရမယ်ဆိုတဲ့ အချိန်ကန့်သတ်ချက်ဆိုတဲ့အခွင့်အရေးတခုရသလို ကလေးအလုပ်သမားတွေ ပညာသင်ကြားရေးလုပ်နေတဲ့အဖွဲ့အစည်းတွေမှာ ပညာသင်ခွင့်ရလာကြတယ်။ ပြီးတော့ ကျောင်းပြင်ပ ပညာသင်ကြားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး NGO တော်တော်များများကတော့ လုပ်နေတယ်”

ကလေးအလုပ်သမားလျှော့ချရေးအတွက် အပြစ်ပေးအရေးယူတဲ့အပိုင်းကို ဦးတည်ချက်မထားဘဲနဲ့ သူတို့ရနေတဲ့ဝင်ငွေကို အစားထိုးနိုင်ဖို့ ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမလဲ၊ သူတို့ ပညာသင်ကြား ခွင့် အခွင့်အလမ်းရအောင် ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ ဦးတည်ပြီးတော့ လုပ်သွားမယ်လို့လည်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနညွှန်ချုပ်ရဲ့ အမှာစကားမှာ ပါဝင်ပါတယ်။ အဲဒီအချက်ကို တကယ်အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းတခုကို ဒေါ်စိုးစိုးဦးက အခုလိုပြောပြပါတယ်။

“အောက်ခြေကနေစပြီးပြင်ရမယ်။ လယ်သိမ်း မြေသိမ်းတွေ ရပ်မယ်။ နယ်တွေမှာကအစ အလုပ်အကိုင် အခွင့်အရေးတွေ ဖန်တီးပေးမယ်။ ဥပမာ သူ့ရဲ့မြို့နယ်အလိုက် စက်မှုဇုန်လိုမျိုး၊ အထည်ချုပ်လိုမျိုး၊ စက်ရုံလိုမျိုး သူတို့ ဒေသတွေမှာ ဖွင့်ပေးမယ်ဆိုလို့ရှိရင် ကျမတို့ ကလေးအလုပ်သမားကို လျှော့ချနိုင်တယ်”

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားတွေကို စိုက်ပျိုးရေးကဏ္ဍတွင် ၆ဝ ဒဿမ ၅ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ၁၂ ရာခိုင်နှုန်း ဝင်ရောက်လုပ်ကိုင်နေတာကို အများဆုံးတွေ့ရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနစာရင်းတွေအရ သိရပါတယ်။

ကမ္ဘာပေါ်မှာ ကလေးအလုပ်သမား ၁၅၂ သန်းရှိနေပြီး ၇၃ သန်းဟာ ဘေးအန္တရာယ်ရှိတဲ့  ဒါမှမဟုတ် ဘေးဖြစ်စေတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြရသလို  အခြားကလေးတွေထက် ခံစားခွင့်ဆုံးရှုံးနေပါတယ်။

(RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org