အိုင်အယ်လ်အို တိုင်တဲ့ ကလေးစစ်သား မိခင်ကို စစ်တပ်က ခြိမ်းခြောက်

ကလေး စစ်သား တစ်ဦးကို မိခင်ဖြစ်သူက သက်ဆိုင်ရာ တပ်ရင်း တာဝန်ရှိသူတွေထံ သွားရောက် တောင်းခံရာမှာ သူ့ရဲ့သား အကြောင်း အိုင်အယ်လ်အိုကို တိုင်ကြားခဲ့မှု အတွက် မိဘတွေကို ဖမ်းဆီး ထောင်ချနိုင်ကြောင်း သားဖြစ်သူကိုလည်း သတ်ဖြတ်ပစ်မှာ ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ထိုင်း မြန်မာနယ်စပ် တနေရာတွင် ၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ရိုက်ကူးထားသည့် ကလေးစစ်သားတဦးပုံ ဖြစ်ပါသည်။ AFP

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း ရပ်ကွက်မှာ နေထိုင်သူ အသက် ၁၆ နှစ်သား မောင်အောင်အောင်ဟာ ၂၀၀၇ ခုနှစ်အတွင်း ကလေး စစ်သားအဖြစ် အဓမ္မ စုဆောင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် မောင်အောင်အောင်ဟာ ရွှေဘို တပ်ရင်း ၁၂ မှာ တာဝန် ထမ်းဆောင်နေကြောင်း သိရှိတဲ့အတွက် မိသားစုက အခုနှစ် မတ်လ ၂၀ ရက်နေ့က ရန်ကုန် အိုင်အယ်လ်အို ရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူ ဒေါ်အကာကြီးက ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့မှာ သားဖြစ်သူကို သွားရောက် တွေ့ဆုံခဲ့ရာမှာ စစ်တပ် အရာရှိတွေရဲ့ ခုလို ခြိမ်းခြောက် ခံခဲ့ရ တာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက RFA ကိုဒီကနေ့ ပြောပါတယ်။

“အဲဒီနောက်ပိုင်း သူ့အမေ လိုက်သွားတဲ့ အခါကျတော့ သူ့သားနဲ့ တရက်ပေးတွေ့တယ်။ တွေ့ပြီး သုံးလေးရက်အကြာမှာ အာပီလို့ခေါ်တဲ့ လုံခြုံရေးဂိတ်က တပ်ကြပ်ကြီး တယောက်က သူ့အမေကို လိုက်ရှာပြီးတော့ ခင်ဗျား ဘာလိုက် ရှုပ်နေတာလဲ။ ခင်ဗျား ဟိုတိုင်ဒီတိုင် လုပ်နေရင်တော့ ခင်ဗျားကိုရော ခင်ဗျားသားကိုပါ ဖျောက်လိုက်မယ်ဆိုပြီး လာပြီး ခြိမ်းခြောက်နေတယ်”

ဒါ့ပြင် အိုင်အယ်လ်အိုမှာ တိုင်ကြားထားတဲ့ အမှုကိုလည်း ရုပ်သိမ်းပေးဖို့ စစ်တပ် အရာရှိတွေက ခြိမ်းခြောက် ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။

“နောက်တခုက ဘာပြောလဲဆိုတော့ သူ့အမေကို တယ်လီဖုန်းခွက် ထိုးပေးတယ်။ ခင်ဗျား အိုင်အဲလ်အို ရုံးကို ဖုန်းဆက်တဲ့။ ခင်ဗျားသား ကျန်းမာကြောင်း၊ ဒီမှာပျော်ကြောင်း၊ အဆင့်မီမီနေနေကြောင်း ဖုန်းဆက်ပါတဲ့၊ နောက်တခုက တိုင်ထားတာကို အမှုပိတ်ပေးပါတဲ့။ သူ့အမေက လုံးဝမဆက်ဘူး။ သားကတော့ ကြောက်နေတယ်။ အမေဆက်ပေးလိုက်ပါ။ အဲသလိုနေနေရင် အမေကော သားပါ သေလိမ့်မယ်။ သားတို့ကို ထောင်ချမယ် လို့လည်း ပြောနေတယ် ဆိုပြီးတော့ ကလေးက အသားတွေတုန်ပြီး ငိုပြောနေတယ်လို့ ပြောတယ်”

မိသားစု အနေနဲ့ လောလောဆယ် ကလေးစစ်သားအရေး ကူညီဆောင်ရွက် ပေးနေသူတွေနဲ့ ဆက်သွယ်ပြီး ကလေးစစ်သား မောင်အောင်အောင် တပ်ကနေ ထွက်ခွင့်ရရှိအောင် ကြိုးပမ်း နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org