ကရင်ပြည်နယ် တိုက်ပွဲများမှာ ကလေးစစ်သားတွေ မြန်မာစစ်တပ် အသုံးပြု

ကရင်ပြည်နယ် ဝေါလေ၊ ဖလူး ဒေသ တိုက်ပွဲတွေမှာ အခြေစိုက်တဲ့ စစ်အစိုးရတပ်တွေမှာ ကလေးစစ်သားတွေ များကြောင်း ကရင်အမျိုးသား အစည်းအရုံး ၊ KNLA တပ်ရင်း ၁၀၁ ကို လက်နက်ချလာတဲ့ ကလေးစစ်သား တဦးက RFA ကို ပြောပါတယ်။

ရှေ့တန်း စစ်စခန်းတစ်ခုတွင် အစိုးရတပ်ဖွဲ့က စစ်သားများ ကို တွေ့ရစဉ် Photo: AFP
လက်နက်ချခဲ့တဲ့ တပ်သား အောင်ကိုလင်းက သူနေခဲ့တဲ့ ၊ စစ်အစိုးရ စကခ (၈) အခြေစိုက်တဲ့ ဝေါလေ ဗျူဟာကုန်းမှာ သူတို့ စရောက်စ လွန်ခဲ့တဲ့ ၉ လလောက်က သူ့အရွယ် ကလေးစစ်သား ၆၀ ကျော်လောက် ရှိခဲ့ပြီး ၊ နောက်ပိုင်း တိုက်ပွဲ ပြင်းထန်တာကြောင့် ကျဆုံးမှုတွေ များနေကြောင်း RFA ကို ပြောပါတယ်။

“စဆင်းလာတုန်းကတော့ အယောက် ၆၀ လောက် ရှိတယ်။ တိုက်ပွဲကျတာ၊ မိုင်းနင်းမိတာနဲ့ အကုန်လုံး ကျွန်တော်နဲ့အတူတူ ၉ ယောက်ပဲ ရှိတော့တယ်။ အခု ကျွန်တော်က ပြန်ထွက်လာပြီ ဆိုတော့ ဟိုမှာ ၈ ယောက်ပဲ ရှိနေတယ် အခု။”

ဝေါလေဗျူဟာကုန်းမှာအခြေစိုက်တဲ့ စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် - စကခ (၈) လက်အောက်ခံ တပ်ရင်း ၄၀၉ က အသက် ၁၇ နှစ်အရွယ် တပ်သား အောင်ကိုလင်း ဟာ ကရင်အမျိုးသား အစည်းအရုံး ၊ ကေအင်အယ်လ်အေ တပ်ရင်း ၁၀၁ ဗိုလ်မှူးကြီး စောဖောဒို တပ်ရင်း အခြေစိုက်တဲ့ နေရာကို ပြီးခဲ့တဲ့ ၇ ရက်နေ့က လက်နက်ချခဲ့တာပါ။

လက်ရှိ စကခ (၈) အခြေစိုက်တဲ့ ဝေါလေ ဗျူဟာကုန်းမှာ ရိက္ခာလည်း ပြတ်လပ်နေပြီး ဝိုင်းဝန်း ပိတ်ဆို့ ခံထားရတဲ့အတွက်လည်း ကျဆုံးမှုတွေ များနေတယ်လို့ တပ်သား အောင်ကိုလင်းက ပြောပါတယ်။

တပ်သား အောင်ကိုလင်းနဲ့ ဆက်သွယ် မေးမြန်းပြီး RFA က ဦးဝင်းနိုင် စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org