ကလေးစစ်သား ပြန်ခေါ်ဖို့ ILO ကို တိုင်ကြား
ဘိုကလေးမြို့က အသက် ၁၆ နှစ်အရွယ် မောင်ကျော်နိုင်ဝင်းဟာ စစ်သားအဖြစ် စုဆောင်းခံ ထားရပြီး ဖောင်ကြီး လေ့ကျင့်ရေးကျောင်းမှာ ရောက်ရှိနေတဲ့အတွက် မိသားစုက ပြန်လည် ခေါ်ယူလိုကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
-
2011-08-29 -
-
-
ဘိုကလေးမြို့ (၈) ရပ်ကွက်၊ ယုဇနလမ်းနေ ဦးလှသိန်း၊ ဒေါ်လဲ့လဲ့ တို့ရဲ့သားဖြစ်သူ မောင်ကျော်နိုင်ဝင်းဟာ ပြီးခဲ့တဲ့ ဇွန်လ အတွင်းက နေအိမ်ကနေ ပျောက်သွားခဲ့ပြီး အခု သြဂုတ်လဆန်းပိုင်းမှာမှ မိသားစုနဲ့ ပြန်လည် အဆက်အသွယ် ရခဲ့ပါတယ်။
အခုအခါ ဖောင်ကြီး လေ့ကျင့်ရေးတပ်ခွဲ (၃) မှာ ရောက်ရှိနေပြီး သင်တန်းသားအမှတ် (၂၃၃)၊ ကိုယ်ပိုင်အမှတ် (၄၅၄ ၁၆ဝ) နဲ့ စစ်သင်တန်း တက်နေရကြောင်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ရက်က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခွင့်ရခဲ့တဲ့ အကိုဖြစ်သူ ကိုလှမျိုးဝင်းက အခုလို ပြောပါတယ်။
“အကိုကြီး ခေါ်လို့ရင် လာခေါ်ပါ တဲ့။ သူ အဲဒီထဲမှာ နေရတာ မပျော်ဘူး တဲ့”
မောင်ကျော်နိုင်ဝင်း ရောက်ရှိနေတဲ့ စစ်တပ်က တာဝန်ရှိသူတွေကို အကြောင်းကြားနိုင်ဖို့ ဒီကနေ့ တနင်္လာနေ့မှာပဲ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် HRDP ရဲ့ အကူအညီနဲ့ ILO ကို ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ မိသားစုက ပြောပါတယ်။
သက်ဆိုင်ရာ စစ်ဘက် တာဝန်ရှိသူတွေကို နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ စစ်ဘက် တာဝန်ရှိသူတွေကနေ တဆင့် အကြောင်းကြားသွားမှာဖြစ်ကြောင်း HRDP လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ရက်က ဦးစောဘန်ကူး က ပြောပြပါတယ်။
ဘိုကလေး ဒေသအတွင်း နာဂစ်မုန်တိုင်းအပြီး လယ်ယာနဲ့ စီးပွားရေးလုပ်ငန်းတွေ မကောင်းတာက တကြောင်း၊ လူငယ်တွေအတွက် အလုပ်အကိုင်နဲ့ မျှော်လင့်ချက် မရှိတာက တကြောင်းကြောင့်၊ ဆယ်ကျော်သက်အရွယ် လူငယ်တွေ နေရပ်စွန့်ခွာ ထွက်သွားတာ ပိုများလာနေပြီး ကလေးစစ်သားအဖြစ် စုဆောင်းခံရတာတွေလည်း အတော်များကြောင်း ဦးစောဘန်ကူးက ပြောဆိုပါတယ်။