နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦးသေဆုံး
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ချင်းတိုင်းရင်းသား ကျေးရွာ လေးရွာကို အနည်းဆုံး ဗုံး ၂၂ လုံးကျရောက်ခဲ့ပြီး ကျေးရွာတွေအနီးကို ဗုံး ၉၉ လုံး ကျခဲ့တယ်လို့လည်း ဆိုပါတယ်။
-
ကျော်ထွန်းနိုင် (ဝါရှင်တန်ဒီစီ)
2023-05-09 -
-
-
ချင်းပြည်နယ်က မြို့နယ်တွေကို ပြီးခဲ့တဲ့ မတ်နဲ့ ဧပြီလတွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် ချင်းပြည်သူ ၂၄ ဦးနဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့၀င် နှစ်ဦးသေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က မေလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မတ်လအတွင်း ထန်တလန်နဲ့ မင်းတပ်မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းနဲ့ ကိုးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဧပြီလက ထန်တလန်၊ ဟားခါး၊ မင်းတပ်နဲ့ ဖလမ်းမြို့နယ်တွေကို ၂၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်တာပါ။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ချင်းတိုင်းရင်းသား ကျေးရွာ လေးရွာကို အနည်းဆုံး ဗုံး ၂၂ လုံးကျရောက်ခဲ့ပြီး ကျေးရွာတွေအနီးကို ဗုံး ၉၉ လုံး ကျခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်သူ ၂၄ ဦးနဲ့ CNF တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူ ၃၃ ဦးလည်းရှိပါတယ်။
ဒါ့အပြင် ခရစ်ယာန် ဘုရားကျောင်း လေးဆောင်နဲ့ လူနေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ CNF က ပြောထားပါတယ်။
ချင်းပြည်နယ်က တိုက်ပွဲအခြေအနေတွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း ချင်းတိုင်းရင်းသား ၃၀၀ နီးပါး သေးဆုံးခဲ့ပြီး နေအိမ် ၄၃၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ချင်းပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်က တစ်သိန်းခွဲနီးပါးရှိလာနေပြီလို့ CHRO က ဆိုပါတယ်။