၇၃ နှစ်အရွယ် ချင်းတောင်ပေါ်က သူရဲကောင်း

2021.11.06
၇၃ နှစ်အရွယ် ချင်းတောင်ပေါ်က သူရဲကောင်း မင်းတပ် CDF အဖွဲ့ဝင်တွေကို တွေ့ရစဥ်
ဓာတ်ပုံ - CDF မင်းတပ်

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတိုက်ခိုက်ခဲ့ကြတာ ချင်းတောင်ပေါ်က ပြည်သူ့ကာကွယ်ရေးတပ် CDF တွေက ပထမဆုံး စတင်ခဲ့တာပါ။

CDF မင်းတပ်ထဲမှာ အလယ်တန်းပြ အငြိမ်းစားကျောင်းဆရာ တစ်ဦးဖြစ်တဲ့ အသက် ၇၃ နှစ်အရွယ် ဦးနိန်ကီးယောလည်း လက်နက်ခဲယမ်း တပ်ဆင်ရေးအပိုင်းကနေ ပါဝင်ခဲ့ပါတယ်။

"အဖေက သူမှန်တယ်ထင်ရင် ဘယ်သူမှတားလို့မရဘူး အဲလိုစိတ်နေ စိတ်ထားရှိတယ်"

နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက မတူပီမြို့နယ်ကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ သံချပ်ကာ ကား နှစ်စီး အပါအဝင် စစ်ကား ၇၅ စီးကို မင်းတပ်-မတူပီကားလမ်း တစ်နေရာမှာ CDF အဖွဲ့က ကြားဖြတ် တိုက်ခိုက်ရာမှာ ဦးနိန်ကီးယော စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။

မိသားစုဝင်တွေက ရှေ့တန်းမသွားဖို့ တားတဲ့ကြားက သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ ရှေ့တန်းကိုလိုက်သွားရာ ကနေ အခုလို မမျှော်လင့်ဘဲ သေဆုံးသွားခဲ့တာလို့ သားဖြစ်သူ ဆလိုင်းဇလပ်က RFA ကို ပြောပါတယ်။

"အဖေက သူမှန်တယ်ထင်ရင် ဘယ်သူမှတားလို့မရဘူး အဲလိုစိတ်နေ စိတ်ထားရှိတယ်။ ညီလေးတို့ ကလည်း တားတယ်၊ ဒါပေမဲ့ သူသွားမယ့် အချိန်မှာတော့ မိသားစုဝင်တွေက မတွေ့လိုက်ရဘူး ထင်ပါ တယ်။ မနက်ပိုင်းမှာ သူသွားဖို့ပြောလို့ ညီလေးက မသွားနဲ့ အဖေက အသက်အရမ်းကြီးနေပြီ ဒီရွာမှာပဲ နေပြီးတော့ CDF ရဲဘော်တွေအတွက် လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ ကျဉ်တောက်ခဲယမ်းက အစပေါ့ သူလုပ်ပေးနေတယ်ဆိုတော့ အဲလောက်ဆိုရင်ရပြီ ရှေ့တန်းသွားစရာ မလိုဘူးလို့ တားသေးတယ် လို့ ပြောတယ်။ ညီလေးက အခြားနေရာ သွားစရာရှိလို့ သွားတဲ့အချိန်မှာ သူလိုက်သွားတယ်လို့ ထင်ပါ တယ်။ လမ်းတစ်ဝက်ရောက်မှ အစ်မအကြီးဆုံးကို ရှေ့တန်းသွားနေတယ်လို့ ဖုန်းလှမ်းဆက်တယ်။ အစ်မအကြီးဆုံးက ဘာသွားလုပ်တာလဲ အခုချက်ချင်းပြန်လာလို့ပြောတော့ တိုက်ပွဲပြီးရင် ပြန်လာမှာ ပါဆိုပြီး ဖုန်းချသွားတယ်လို့ ပြောတယ်"

ဦးနိန်ကီးယောဟာ CDF မင်းတပ်ထဲမှာ လက်နက်တပ်ဆင် စစ်ဆေးရေး အပိုင်းတွေမှာ အားထားရသူ တစ်ဦးဖြစ်တယ်လို့ CDF မင်းတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။

"ပြီးခဲ့တဲ့ တစ်ခေါက်က စစ်ကောင်စီယာဉ်တန်း ပြန်ဆင်းလာတော့ မိုင် ၂၀၊ ၃၀ တောက်လျောက်လမ်းမှာ ထောင်ထားတဲ့ မိုင်းတွေက မကွဲဘူး၊ မကွဲတော့ သူက အားမလိုအားမရဖြစ်တာပေါ့နော်၊ မိုင်းတွေကလည်း နှမြောစရာ ကွဲလည်းမကွဲဘူးဆိုတော့ လူငယ်တွေကောင်းကောင်း မလုပ်ကြဘူးလား အားမလိုအားမရ ဖြစ်လို့ ဒီတစ်ခေါက် ရှေ့တန်းကို သူကိုယ်တိုင်သွားမှာ သူများကို စိတ်မချဘူးပေါ့လေ။ အရင်ကတည်း တောက်လျှောက်ပါနေတာပဲ ကျရာကဏ္ဍမှာ၊ ရဲဘော်တွေကို ဟင်းသီးဟင်းရွက်လာပေးတာ အိုးခွက် ပန်းကန်တွေ ငှားပေးတာကအစ အဲလိုပါဝင်တာ၊ ရှေ့တန်းမှာလဲ တူမီးတွေ ခါးချိုးတွေပြင်ပေးတယ်၊ ယမ်းတွေမိုင်းတွေပြင်ပေးတယ် အဲလိုနဲ့ တောက်လျှောက်ပါဝင်နေတာပဲ"

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီက ချင်းတောင်ပေါ်က ထန်တလန်၊ ဟားခါး၊ မင်းတပ်စတဲ့ မြို့နယ်က ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေနဲ့ ဖမ်းဆီးတာတွေ ကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဦးနိန်ကီးယောဟာ အာဏာသိမ်းတဲ့ အစောပိုင်းကာလတွေမှာ နေ့တဒူဝ တောင်ယာအလုပ်တွေနဲ့သာ အချိန်ကုန်နေခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ချင်းလူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေအတွက် မခံမရပ်နိုင်ဖြစ်ပြီး CDF မင်းတပ်ထဲကို ဝင်ရောက်ခဲ့တာလို့ သားဖြစ်သူ ဆလိုင်းဇလပ်က RFA ကို ပြောပါတယ်။

"၇၃ နှစ်အရွယ်က အသက်ကိုတောင်မနှမြောပဲ ရှေ့တန်းသွားဖို့ ဆုံးဖြတ်ချက်ချတယ်ဆိုတာက သူတို့က အသက်ကြီးပိုင်းတွေဆိုတော့ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအပိုင်းတွေကို ပိုခံစားရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ နေဝင်း‌ခေတ် မှီတယ်၊ ၈၈ အရေးအခင်းလဲ မှီတယ်။ အသက်ကြီးလာတော့လဲ မင်းအောင်လှိုင် အာဏာသိမ်းမှုဒဏ်နဲ့ ချင်းပြည်နယ်မှာ ဆိုးရွားနေတဲ့ အနေအထားမှာဆိုတော့ မိုးရာသီကြီးမှာ ကျနော်တို့ ရွာဘေးနား စစ်ဖြစ်လာတော့ အဖေတို့အပါအဝင်ပေါ့ ကလေးသူငယ်တွေ မိခင်တွေ အသက်ကြီးရွယ်အိုတွေ အားလုံး တောထဲထွက်ပြေးရတယ်။ ချင်းတောင်မှာ မိုးရာသီဆိုတာက တကယ်ကို မိုးကြီးတာ အဲလိုမျိုး တွေထွက်ပြေးလိုက် ရွာပြန်ဝင်လာလိုက် အဲ့လိုမျိုးဆိုတော့ ဒါတွေကလည်း သူ့အတွက် တော်တော်ကို အဲ့ဒီဘက်ကို သွားဖို့ တွန်းအားပေးခဲ့တယ်လို့ ကျနော် ထင်ပါတယ်"

ဦးနိန်ကီးယောဟာ သွက်သွက်လက်လက်နဲ့ ယမ်းထောင်းတာ၊ လက်နက် စစ်ဆေးတာတွေကို တစ်ဦးတည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်တယ်လို့ ဆိုပါတယ်။

တောင်ယာလုပ်ကိုင်ရင်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်း နေခဲ့တဲ့ ချင်းတိုင်းရင်းသားတွေဟာ စစ်အာ ဏာသိမ်းပြီးနောက်ပိုင်းမှာ အိမ်မှာရှိတဲ့ လူအကုန် ရရာလက်နက်ဆွဲကိုင်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF ထဲ ဝင်လာခဲ့ကြတယ်လို့ မင်းတပ်CDFက ဆလိုင်းယောမန်က RFAကို ပြောပါတယ်။

"လူတွေကျဆုံးတာ များလာလို့ စိတ်ပျက်လာတယ် အားငယ်လာတာမျိုး မဟုတ်ဘူး။ အကျဆုံးတွေ များလေလေ လူတွေက စိတ်ဓါတ်ပိုပြင်းထန် လာလေလေပဲ။ နဂိုထဲက ဆုံးဖြတ်သားပြီးသားမို့ တွေဝေ စိတ်တွေ မရှိလောက်အောင်ပါပဲ။ ကျနော်တို့ပြဿနာက ရှေ့တန်းသွားချင်လွန်းလို့ ခက်နေတာ။ ရှေ့တန်းမသွားတဲ့ သူဆိုတာ ရှေ့တန်းသွားချင်တဲ့သူကို အနစ်နာခံပေးလိုက်တဲ့သူတွေ။ ရှေ့တန်းသွားတယ် ဆိုထဲက တူမီး၊ ခါးချိုး ဘာလက်နက်မှ မကိုင်ဘဲ ရှေ့တန်းသွားလို့မရဘူးလေ။ မသွားဖြစ်လိုက်တဲ့သူ နောက်ချန်ခဲ့တဲ့ သူက အနစ်နာခံပေးလိုက်တဲ့သူ။ အကုန်လုံးကတော့ ထဲထဲဝင်ဝင် ပါဝင်ကျတာပါပဲ ဒီပွဲကို အေးအေးချမ်းချမ်းနဲ့ ပြီးသွားမယ်ဆိုတဲ့ စိတ်မျိုးတော့မရှိဘူး"

၁၉၉၃ ခုနှစ်မှာ ကျောင်းဆရာဘဝကနေ အနားယူခဲ့ပေမယ့် လက်ရှိအချိန်အထိ တပည့်တွေက ချစ်ကြောက် ရိုသေနေရဆဲဖြစ်တဲ့ ဦးနိန်ကီးယောရဲ့ ဈာပနကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ချင်းရိုးရာ ဓလေ့နဲ့အညီ ကျင်းပခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။