ချင်းပြည်နယ် ၂၅ ရွာ စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ရင်ဆိုင်နေရ
ချင်းပြည်နယ် ထန်တလန်မြို့နယ်က ကျေးရွာပေါင်း ၂၅ ရွာမှာ စားနပ်ရိက္ခာရှားပါးမှု ပြဿနာ ကြုံတွေ့နေရတယ်လို့ ထန်တလန်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လျံမန်းကျုံးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
-
2013-09-19 -
-
-
Your browser doesn’t support HTML5 audio
ချင်းပြည်နယ် ထန်တလန်မြို့နယ်က ကျေးရွာပေါင်း ၂၅ ရွာမှာ စားနပ်ရိက္ခာရှားပါးမှု ပြဿနာ ကြုံတွေ့နေရတယ်လို့ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လျံမန်းကျုံးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
ဒီနေ့ကျင်းပတဲ့ ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပြီး၊ ကွင်းဆင်းလေ့လာမယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လျံမန်းကျုံးက ပြောပါတယ်။
ထန်တလန်မြို့နယ်မှာ အခုလို စားနပ်ရိက္ခာရှားပါးမှု ကြုံတွေ့နေရတာဟာ ၄ လလောက် ကြာမြင့်နေပြီဖြစ်ပြီး ချင်းပြည်နယ် အစိုးရအနေနဲ့ အကူအညီပေးနိုင်မှု နည်းနေသေးတယ်လို့ ပြောပါတယ်။
စားရေရိက္ခာပြသနာနဲ့ ကြုံတွေ့နေရတဲ့ ထန်တလန်မြို့နယ် ရွာဘွတ်ကျေးရွာ မူလတန်းဆရာ ဦးဇလိမ်ထမ်းက RFA ကို ခုလို ပြောပါတယ်။
“ကျနော်တို့ကျေးရွာက ဒီနှစ်ကျတော့ အိန္ဒိယမှာ ရထားတဲ့ပိုက်ဆံလေးနဲ့ ဆန်တွေကို သွားဝယ်ထားတာ၊ အခုတော့ ကျနော်တို့ ဝယ်ထားတဲ့ဆန်တွေလည်း ကုန်သွားပြီ၊ အိန္ဒိယနဲ့ ကျနော်တို့ကြားမှာ ချောင်းရှိတယ်၊ အဲဒီချောင်းက အခုချိန်ဆိုလို့ရှိရင် ဖြတ်ကူးလို့မရတော့ဘူး၊ အိန္ဒိယမှာ သွားဝယ်မယ်ဆိုလို့ရှိရင်လည်း ရေကအရမ်းကြီးနေလို့ သွားလို့မရတော့ဘူးဖြစ်နေတယ်၊ ဒီရာသီအတွင်းမှာဝယ်ထားတဲ့ ဆန်နည်းနည်းပါးပါးလေးကို မျှဝေပြီးစားနေကြတာ၊ အာဏာပိုင်တွေကလည်း အကူအညီမရဘူး၊ ကျနော်တို့ကျေးရွာကိုလည်း အခြေအနေလာမကြည့်တော့ တဘက်ဘက်က အကူအညီများ ရနိုင်မလားလို့ နည်းလမ်းရှာနေတာ အခုထိအတွေ့သေးပါဘူး”
ထန်တလန်မြို့နယ်မှာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က မြေကြွက်တွေက စိုက်ခင်းတွေကို ဖျက်ဆီးတာကြောင့် အဲဒီဒေသမှာ စားနပ်ရိက္ခာရှားပါးမှု ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီနောက်ပိုင်း ထန်တလန်မြို့နယ်မှာ စားနပ်ရိက္ခာရှားပါးမှု အဆိုးဝါးဆုံး ကြုံတွေ့ရတာလို့ သိရပါတယ်။
ဒီအကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လျံမန်းကျုံးကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။