ချင်းပြည်နယ်မှာ မိုင်းကြောင့် သေဆုံးသူ ၂၀ နဲ့ ဒဏ်ရာရသူ ၃၇ ဦးရှိလာ

ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ဩဂုတ်အထိ မြေမြှုပ်မိုင်းအပါအဝင် စစ်တပ်က ထောင်ထားတဲ့ မိုင်းတွေကြောင့် အရပ်သား အယောက် ၂၀ သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ CHRO အဖွဲ့ က စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က မိုင်းနင်းမိသည့် လူနာများအား ဆေးရုံသို့ပို့ဆောင်ရန် သယ်ဆောင်နေသည်ကို တွေ့ရစဉ်။ မင်းတပ်မြို့ ပရဟိတအဖွဲ့

ချင်းပြည်နယ်မှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ဩဂုတ်လအထိ မြေမြှုပ်မိုင်း အပါအဝင် စစ်ကောင်စီတပ် က ထောင်ထားတဲ့ မိုင်းတွေကြောင့် အရပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က စက်တင်ဘာ ၁၁ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေက သူတို့ ထိုးစစ်ဆင်ပြီး ခေတ္တနေတဲ့ ဘုရားကျောင်း၊ စာသင်ကျောင်း ရွာအဝင် စတဲ့ နေရာတွေမှာ တပ်စွဲပြီး မိုင်းတွေ ထောင်ထားတာကြောင့် သူတို့ ပြန်သွားတဲ့ အချိန်မှာ ဒေသခံတွေက မိုင်း နင်းမိပြီး ထိခိုက်သေဆုံးရတာလို့  ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်း မန်ဟရဲလျန်က RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက မြေမြှုပ်မိုင်း မထောင်ရင် ဒေသခံတွေက မိုင်းပြဿနာ ကြုံနေရမှာမဟုတ်ဘူး။ စစ်ကောင်စီတပ်တွေက သူတို့ ရောက်တဲ့နေရာတိုင်းလိုလိုမှာ မိုင်းထောင်တာမျိုးတွေ့ရတယ်။ သူတို့ ထွက်သွားပြီးနောက်ပိုင်းမှာလည်း သူတို့ထားခဲ့တဲ့ မိုင်းကြောင့် ပြည်သူတွေ မိုင်းထိတာ။ တချို့ ပွဲချင်းပြီး သေတယ်။ တချို့ဆို ခြေပြတ်၊ လက်ပြတ်နဲ့ ဒုက္ခိတ ဖြစ်သွားရတာ”

၂၀၂၁ ခုနှစ်မှာ မိုင်းကြောင့် သေဆုံးသူ လေးဦးနဲ့ ဒဏ်ရာရသူ နှစ်ဦးရှိခဲ့ပြီး  ၂၀၂၂ ခုနှစ်မှာ မိုင်းကြောင့် သေဆုံးသူ ကိုးဦး ဒဏ်ရာရသူ ၁၇ ဦးရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ မိုင်း ကြောင့် သေဆုံးသူ ခုနစ်ဦး၊ ဒဏ်ရာရသူ ၁၈ ဦးအထိ ရှိနေတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ထားပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org