ချင်းပြည်နယ်က သင်းအုပ်ဆရာသတ်ဖြတ်ခံရမှု ကချင်နှစ်ခြင်း အဖွဲ့ချုပ် ရှုတ်ချ
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သင်းအုပ်ဆရာတစ်ပါး ကွယ်လွန်ခဲ့ရတဲ့အပေါ် ထိတ်လန့်ဝမ်းနည်းရကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) က ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
- 2021-09-20
-
-
-
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သင်းအုပ်ဆရာတစ်ပါး ကွယ်လွန်ခဲ့ရတဲ့အပေါ် ထိတ်လန့်ဝမ်းနည်းရကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရတာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ သာသနာ့နယ်မြေတွေ ပျက်စီးတာ၊ ဓမ္မအမှုတော်ဆောင်၊ အသင်းသူအသင်းသားနဲ့ ပြည်သူတွေအပေါ် အသက်အန္တရာယ် ကျရောက်စေတဲ့ အပြုအမူတွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က ထန်တလန်မြို့မှာ နှစ်ဘက် တိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း ကျည်ထိမှန်ပြီး ကွယ်လွန်ခဲ့ရသလို သူ့ရဲ့လက်တွေကိုဖြတ်ပြီး နာရီ၊ ဖုန်းနဲ့ ရွှေလက်စွပ်တို့ကို လုယူခံခဲ့ရတယ်လို့ ချင်းခရစ်ယာန် နှစ်ချင်းအဖွဲ့ချုပ် (CBC) မနေ့က ထုတ်ပြန်ထားတာပါ။
အလားတူ ချင်းပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRCH) ကလည်း စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်၊ ဟားခါးနဲ့ အခြားမြို့နယ်တွေမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကန့်ကွက်ရှုတ်ချကြောင်း လည်း ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း ပစ်ခတ်သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းဆက်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း လက်ခံဖြေကြားခြင်း မရှိပါဘူး။