ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည် ၁၅၀ ခန့် မကွေးတိုင်းထဲ ခိုလှုံလာ

ဆောမြို့နယ်ထဲကို မင်းတပ်မြို့နယ်နဲ့ မတူပီမြို့နယ်က စစ်ဘေးဒုက္ခသည် ၁၅၀ ခန့် ထွက်ပြေးခိုလှုံလာပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်မှ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် မကွေးတိုင်း ဆောမြို့နယ်ထဲကို မင်းတပ်မြို့နယ်နဲ့ မတူပီမြို့နယ်က စစ်ဘေးဒုက္ခသည် ၁၅၀ ခန့် ထွက်ပြေးခိုလှုံလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ဇွန်လ ၃ ရက်နေ့မှာ ပြောပါတယ်။

မင်းတပ်မြို့နယ်က လူတစ်ရာခန့်နဲ့ မတူပီမြို့နယ်က လူငါးဆယ်ခန့်ဟာ ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် မေလ တတိယပတ်ကစလို့ ထွက်ပြေးတိမ်းရှောင်လာတာလို့ ဆိုပါတယ်။

ဒါကြောင့် ဆောမြို့နယ် ရောင်နီဦး စစ်ဘေးဒုက္ခသည်စခန်းမှာ အရင်က ဒုက္ခသည် နှစ်ရာခန့်ရှိပေမဲ့ လက်ရှိမှာ ၃၅၀ ခန့်အထိရှိလာတာကြောင့် နေထိုင်စားသောက်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

"အခု အကျပ်အတည်း ဆိုက်နေတာက ချင်းပြည်နယ်ကရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေက အင်မတန် များလာနေတယ်လေ။ ဟိုတုန်းကဆောက်ထားတဲ့ တဲတွေနဲ့ ဆံ့တော့မှာ မဟုတ်ဘူးဗျ၊။ မတူပီကလည်း ဆင်းတယ်။ မင်းတပ်ကလည်း ဆင်းတယ်။ ဒီမှာ တော်တော်လေးတော့ အခက်အခဲဖြစ်တယ်”

လက်ရှိမှာလည် ချင်းပြည်နယ်ကနေ နောက်ထပ်လူငါးရာခန့် ဆောမြို့နယ်ထဲက ဒုက္ခသည်စခန်းတွေကို လာရောက်နေထိုင်ဖို့ ဆက်သွယ်မှုတွေရှိနေတယ်လို့ သူကဆိုပါတယ်။

ဆောမြို့နယ်မှာ ရောင်နီဦး စစ်ဘေးဒုက္ခသည်စခန်း အပါအဝင် ဒုက္ခသည်စခန်းလေးခုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာလည်း မိုးဦးကာလ ရောက်ပြီဖြစ်တာကြောင့် အမိုးအကာနဲ့ အဆောက်အအုံတွေကို အမြန်ဆုံး ပြီးစီးအောင် ဆောက်လုပ်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဒုက္ခသည်အရေး ကူညီပေးနေမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော်ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org