ချင်းပြည်နယ်မှာ ခြောက်လအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၃,၀၀၀ ကျော်ရှိ
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ မေလလယ်ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂၃,၀၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ပါတယ်။
- 2021-11-19
-
-
-
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ မေလလယ်ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသူ ၂၃,၀၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ပါတယ်။
နေအိမ်ပေါင်း ၂၂၀ ကျော်ဟာလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထန်တလန်မြို့နယ်က ဆလိုင်းယောနီကတော့ လွန်ခဲ့တဲ့ အချိန်သုံးလလောက်ကပင် သူတို့ထွက်ပြေး ခဲ့ရတာလို့ RFA ကို ပြောပါတယ်။
"ကျနော်တို့ အိမ်ကထွက်ခဲ့ရတာ သုံးလကျော်ပြီ။ အိမ်ပြန်ချင်တာပေါ့ဗျာ။ ကျနော့်အိမ်ဆို နှစ်ထပ်အိမ် မီးလောင်တဲ့အထဲမပါလို့ ဝမ်းသာနေပေမယ့် တလောက စစ်တပ်က လက်နက်ကြီးနဲ့ထုလို့ အကုန်ပျက်စီး သွားတယ်တဲ့။ အိမ်ထဲ အဖိုးတန်ပစ္စည်းတွေလည်း ဝင်ယူသွားလို့ ကုန်ပြီ"
ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးကြောင့် လမ်းတွေ ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေဟာ နေအိမ်တွေကို ပြန်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ နှစ်ဖက်တိုက်ပွဲ လွတ်ရာဖြစ်တဲ့ အိန္ဒိယနယ်စပ်မှာ နေထိုင်ကြတာ ဖြစ်သလို စားဝတ်နေရေး အခက်အခဲတွေ လတ်တလောကြုံနေရပါတယ်။
မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် အတော်များများမှာ ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် လူသားချင်း စာနာမှု အခြေအနေတွေလည်း ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။