ချင်းပြည်နယ်ကို အိန္ဒိယ က ဒေါ်လာ ၂ သန်း ကူညီ
မန္တလေးမြို့မှာ အခြေစိုက်တဲ့ အိန္ဒိယ ကောင်စစ်ဝန်ရုံးးက ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ငွေကြေး အကူအညီ ဒေါ်လာ ၂ သန်း ကူညီဖို့ ကတိ ပေးခဲ့ကြောင်း သိရပါတယ်။
-
2011-07-29 -
-
-
ချင်းပြည်နယ် ဟားခါးလမ်းပေါ်က ခရီးသည်တင် ဘတ်စ်ကား လမ်းချော်နေစဉ် မြင်ကွင်း။
famtogether.org
အိန္ဒိယကောင်စစ်ဝန် Dr. Mohan Sethi နဲ့ အဖွဲ့ဟာ ဟားခါးမြို့ကို ရောက်ရှိပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့ တိုက်ရိုက် ဆွေးနွေးခဲ့တယ်လို့ ဟားခါးမြို့ခံတဦး က RFA ကို ပြောပါတယ်။
“၂၇ ရက်နေ့မှာ အိန္ဒိယသံရုံးက တာဝန်ရှိသူတွေ ဟားခါးကို ရောက်တယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးရေး အတွက် ဒေါ်လာ ၂ သန်း လှူဒါန်းမယ်လို့ ပြောတယ်။ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေရယ်၊ ရပ်မိရပ်ဘ တွေရယ်ကိုခေါ်တယ်။ ရပ်မိရပ်ဘ ဆိုတာကလည်း ကော်မရှင်အဖွဲ့ဝင်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တို့ပါ။ ကျေးဇူးတင်ကြောင်း ပြောခိုင်းတယ်။ ငွေကို လိုတယ်နေရာမှာ သုံးမယ်လို့ ပြည်နယ်အစိုးရက ပြောတယ်။ ဘယ်နေရာမှာ သုံးမယ်ဆိုတာ အစည်းအဝေးတက်သူတွေက မသိဘူး”
အဲဒီ ငွေအကူအညီတွေကို ဘယ်အချိန်မှာ စတင်ပေးမယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်ကဏ္ဍ တွေကို ပေးမယ်ဆိုတာကို အသေးစိတ်ပြောဆိုတာ မရှိဘူးလိုဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်စပ် ကုန်သွယ်ရေး အမှတ်(၂)ဖြစ်တဲ့ ချင်းပြည်နယ် အတွင်းပိုင်းက တီးတိန်မြို့ နဲ့ နယ်စပ်ဂိတ်စခန်း တည်ရှိရာ ရိခွပ်သာရွာ ကို ရာသီမရွေးသွားနိုင်တဲ့ ကားလမ်း ဖောက်လုပ် ပေးဖို့ လည်း လေ့လာမူတွေလုပ်ဆောင်နေပါတယ်။
အခုပေးမယ့် ငွေကြေးအကူအညီထဲမှာ အဲဒီကားလမ်းဖောက်လုပ်ရေး စီမံကိန်းအတွက် ပါမပါဆိုတာ မသိရှိရသေးပါဘူး။
ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲမှာပါဝင်တဲ့ မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်တွေ အထဲမှာ ချင်းပြည်နယ်ဟာ အဆင်းရဲဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP က ပြီးခဲ့တဲ့လက ထုတ်ပြန် ခဲ့ပါတယ်။