စစ်သင်တန်းကြောင့် ချင်းလူငယ်များ နယ်စပ်သို့ ထွက်ပြေးနေ

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း မကြာခင် စစ်သင်တန်းတွေ စတင်တော့မှာ ဖြစ်တဲ့အတွက် သင်တန်းပြီးတာနဲ့ စစ်မှုထမ်းခိုင်းမှာကို စိုးရိမ်နေကြတဲ့ ချင်းလူငယ် အများအပြား အနီးဆုံး အိန္ဒိယ နယ်စပ်ကို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map) (RFA Map)

လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ပူးဗာလီယန်း က RFA ကို ပြောပါတယ်။

“ဪ ဒီမှာတော့ ဖလမ်းမှာပဲ ပြည်သူ့စစ် သင်တန်းတွေ ခေါ်တဲ့အခါကျတော့ လူငယ်တွေက ပြည်သူ့စစ် သင်တန်း ဝင်ပြီးရင် စစ်မှုမထမ်းမနေရများ ခေါ်မလား ဆိုပြီးတော့ အတော်များများ အိန္ဒိယ နယ်စပ်ဖက်ကို ထွက်ပြေးကြတယ်လို့ ဖလမ်း ဥက္ကဋ္ဌက သတင်းပို့တယ်။ ဖလမ်းမြို့ပေါ်ကရော အနီးအနားက လူတွေပါ၊ မြို့မှာ သိပ်မနေကြဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့စစ် သင်တန်း ခေါ်မှာကို ကြောက်လို့ ဆိုပြီးတော့ တိမ်းရှောင်နေကြတယ်လို့ ပြောတယ်။ ခေါ်ဖို့ ဒီ ရယကတွေကို ရန်ပုံငွေတွေ ကောက်ခိုင်းပြီးတော့ ပြင်ဆင်နေတယ်။”

ဖလမ်းမြို့နယ်အတွင်း စစ်သင်တန်းပေးဖို့ အစိုးရက အမိန့်စာထုတ်ပြီးတဲ့နောက် ဖလမ်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ တအိမ်ထောင်ကို စစ်သင်တန်းကြေး ငွေတထောင်နှုန်း ကောက်ခံဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်းက ကျန်တဲ့ မြို့နယ်တွေမှာ စစ်သင်တန်းကြေး မကောက်သေးပေမဲ့ ချင်းလူငယ်တွေကြားမှာတော့ စစ်သင်တန်းတက်ရမှာနဲ့ စစ်မှုထမ်းရမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

စစ်အစိုးရဟာ လွှတ်တော်သစ် မစတင်ခင် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က အရွယ်ရောက်သူ လူငယ်တိုင်းကို စစ်မှုထမ်းခိုင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေလို့ အမည်တပ်ထားတဲ့ ဥပဒေကို နိုင်ငံတော်ပြန်တမ်းအဖြစ်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org