တာချီလိတ်မြို့မှာ တရုတ်နိုင်ငံသား ရှစ်ဆယ်ခန့် ထပ်မံဖမ်းမိ
တာချီလိတ်မြို့မှာ အထောက်အထားမဲ့ တရုတ်နိုင်ငံသား ရှစ်ဆယ်နီးပါးကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
-
RFA Burmese
2024-06-25 -
-
-
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းက အထောက်အထားမဲ့ တရုတ်နိုင်ငံသား ရှစ်ဆယ်နီးပါးကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ၄ လမ်းမှာရှိတဲ့ နှစ်ထပ်အိမ်အတွင်းကနေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးထားသူတွေကို ဆေခမ်း (ဟောင်လိတ်) ရပ်ကွက်မှာ ထိန်းသိမ်းထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာချီလိတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“တာချီလိတ်မှာက လောင်းကစားမြို့လို ဖြစ်နေတာ။ မနေ့က မနက်ပိုင်း မယ်ခေါင် ၄ လမ်းက မိုးသောက်ကြယ် ဦးစိုင်းစိုင်းအိမ်ကနေ တရုတ် ရှစ်ဆယ်လောက်ကို ရဲတွေ၊ ပြည်သူ့စစ်တွေက ဝင်ဖမ်းသွားတာ။ အိမ်က အိမ်ကြီးအိမ်ကောင်း နှစ်ထပ်အိမ် အဲဒါကို ဝင်ဖမ်းတာ။ သူတို့မှာ အထောက်အထားလည်း မရှိဘူး။ ကျားဖျန့်လုပ်တဲ့ လူတွေလို့လည်း ပြောကြတယ်။ နောက်ဆက်တွဲတော့ မသိရသေးဘူး”
ဒီကိစ္စနဲ့ပတ်သက်လို့ တာချီလိတ်မြို့မရဲစခန်းနဲ့ ဟောင်လိတ်နယ်မြေ ရဲစခန်းက ရဲစခန်းမှူးတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖျန့်) ဆက်စပ်ပြီး တရုတ်နိုင်ငံသား ၁၅၀ ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဇွန်လ ၁၉ ရက်က ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ပတ်သက်ပြီး တာချီလိတ်က နေရာ ၁၀ ခုကို စီးနင်းဖမ်းဆီးခဲ့သလို ပြီးခဲ့တဲ့ မတ်လတုန်းကလည်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်မှာ တရုတ်နိုင်ငံသား ခြောက်ဆယ်ခန့်ကို ဖမ်းဆီးပြီး တရုတ်ဘက် လွှဲပြောင်းပေးခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်တဲ့ တရုတ်နိုင်ငံသား ငါးသောင်းနီးပါး (၄၉,၀၀၀) ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။