တစ်နှစ်အတွင်း နိုင်ငံခြားသား ငါးသောင်းကျော် ပြည်နှင်ခဲ့ကြောင်း စစ်ခေါင်းဆောင် ပြော
နိုင်ငံတစ်ဝန်း တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား ငါးသောင်းကျော်ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။
-
RFA Burmese
2024-10-02 -
-
-
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ နိုင်ငံတစ်ဝန်း တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား ငါးသောင်းကျော် (၅၄,၄၃၃ ဦး) ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အောက်တိုဘာလ ၁ ရက် မနေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ကျင်းပတဲ့ နှစ်ခြောက်ဆယ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။
ပြည်နှင်ဒဏ်ပေးခဲ့တဲ့ တရားမဝင်နိုင်ငံခြားသား ငါးသောင်းကျော်ဟာ နိုင်ငံပေါင်း ၂၈ နိုင်ငံကနေ ဝင်ရောက်လာတာလို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
တရားမဝင် နိုင်ငံခြားသားတွေက ဘယ်လိုအလုပ်အကိုင်တွေ လုပ်လဲဆိုတော ထည့်သွင်းပြောဆိုခဲ့တာ မရှိပေမဲ့လို့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား အများစုဟာ ကျားဖျန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူတွေဖြစ်ပြီး တရုတ်နိုင်ငံသားတွေ အများအပြား ပါဝင်နေတာပါ။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို တရားမဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ ပိုများလာပြီး ဝင်ရောက်လာသူအများစုဟာ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တာတွေကို အုပ်စုဖွဲ့လုပ်နေကြတယ်လို့ ကျားဖျန့်လုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ဆောင်ရွက်နေသူတွေကို ဖမ်းဆီးရမိတဲ့အထဲက တရုတ်နိုင်ငံသား ၃၁၃ ဦးကို တရုတ်နိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ပြန်လွှဲပြောင်းလိုက်တဲ့ ၃၁၃ ဦးထဲမှာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ တရားခံပြေး ၄၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံနယ်စပ်ဖြတ်ကျော်မှုခင်းတွေ တားဆီးကာကွယ်ဖို့ အိမ်နီးချင်း ငါးနိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ မနေ့က ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ပြောပါတယ်။