နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း တရုတ်ပြော
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး သက်ရောက်နေတာကြောင့် တရုတ်နိုင်ငံအနေနဲ့ မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။
-
RFA Burmese
2023-12-08 -
-
-
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး သက်ရောက်နေတာကြောင့် တရုတ်နိုင်ငံအနေနဲ့ မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒီနေ့ လန်ချန်း-မဲခေါင်ညီလာခံမှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အင်တာနက်ပေါ်က လောင်းကစားဝိုင်းနဲ့ လိမ်လည်မှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းတွေကို ဆက်လက်တိုက်ဖျက်သွားမှာဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေမှာ ပြည်သူလူထုရဲ့ လုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှု အားလုံးကို ချေမှုန်းဖို့ ဆောင်ရွက်သွားမယ် လို့ မစ္စတာ ဝမ်ယိက ပြောတဲ့အကြောင်း South China Morning Post သတင်းစာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံဟာ ဒီနှစ်အတွင်း ဒေသတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ အတင်းအကျပ် စေခိုင်းတာတွေ များလာတဲ့အတွက် ဒီလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ မြန်မာစစ်ကောင်စီဟာ ပြီးခဲ့တဲ့လက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်တယ်လို့ သံသယရှိသူ ၃၁,၀၀၀ ကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးခဲ့ကြောင်း၊ ဒီအထဲမှာ တရုတ်နိုင်ငံသားတွေဆီက ငွေအမြောက်အမြား လိမ်ညာယူသွားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေနဲ့ ငွေကြေးပံ့ပိုးသူ ၆၃ ဦးလည်း ပါဝင်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ လန်ချန်း-မဲခေါင် ညီလာခံမတိုင်ခင်တစ်ရက်က မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးရဖို့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ အားပေးထောက်ခံမှုတွေ ရဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘဲ၊ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အောင်မြင်ပြီး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံး ဆက်လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လန်ချန်းလို့ ခေါ်တဲ့ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေပါဝင်တဲ့ ဒီညီလာခံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။