တရုတ်ပိုင် အွန်လိုင်းလိမ်လည်မှုဌာနက မြန်မာတွေကို ဖိလစ်ပိုင်ရဲ ဖမ်းဆီး

တရုတ်နိုင်ငံသား လုပ်ငန်းပိုင်ရှင်နဲ့ မန်နေဂျာကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးနေစဉ်။ Handout / NCRPO-PIO / AFP

မနီလာမြို့တော်က တရုတ်ပိုင် အွန်လိုင်းလိမ်လည်မှုဌာနကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်မှာ ဝင်ရောက်စီးနင်းပြီး ဖိလစ်ပိုင်တွေနဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးလိုက်တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကုန်သွယ်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံဖို့ လူတွေကို လိမ်လည်လှည့်ဖျားနေသူတွေ ဖြစ်ပါတယ်။ အဲဒီရုံးခန်းကို အာရုဏ်မတက်ခင် ဝင်ရောက်စီးနင်းတာဖြစ်ပြီး တရုတ် ၅၈ ယောက်နဲ့ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်စတဲ့ နိုင်ငံခြားသား ၆၇ ယောက်ကို ဖမ်းဆီးမိပါတယ်။ ဒီထဲမှာ ဖိလစ်ပိုင် ၃၂ ယောက်လည်း ပါဝင်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသား လုပ်ငန်းပိုင်ရှင်နဲ့ မန်နေဂျာကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတက လိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လူသတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို ပြီးခဲ့တဲ့လက ပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအွန်လိုင်းလိမ်လည်မှုဌာနက လုပ်ငန်းလိုင်စင်ရ အွန်လိုင်းဂိမ်းကုမ္ပဏီတစ်ခု အယောင်ဆောင်ပြီး လည်ပတ်နေတာလို့ ရဲက ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org