စစ်ကောင်စီပိုင် ဂျက်တိုက်လေယာဉ်ကို တရုတ်စစ်တပ်ပစ်ခတ်တဲ့ ဗီဒီယိုပျံ့နှံ့

အောက်တိုဘာ ၁၉ ရက် ညဘက်က ပစ်ခတ်တဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ တွစ်တာနဲ့ တယ်လီဂရမ် လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာပါ။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မန္တလေးတိုင်း၊ မိတ္ထီလာတွင် ပြုလုပ်သည့် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတွင် စစ်ကောင်စီ ဂျက်တိုက်လေယာဥ်များ ပျံသန်းနေသည့် မြင်ကွင်း။ Photo: Myanmar Military

တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီလေတပ်ပိုင် ရုရှားလုပ် MiG-29 ဂျက်တိုက်လေယာဉ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဗုံးကြဲနေချိန်မှာ တရုတ်စစ်တပ်က စစ်ကောင်စီလေယာဉ်တွေကို ပစ်ခတ်တယ်လို့ ဘူဂေးရီးယားတပ် BulgarianMilitary.com က အောက်တိုဘာ ၂ဝ ရက်နေ့က ဖော်ပြပါတယ်။

အောက်တိုဘာ ၁၉ ရက် ညဘက်က ပစ်ခတ်တဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ တွစ်တာနဲ့ တယ်လီဂရမ် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ပစ်ခတ်တဲ့ အချိန်အကျကိုတော့ ဖော်ပြမထားပါဘူး။

ဗီဒီယိုကိုရော သတင်းကိုပါ BulgarianMilitary.com က သီးခြားအတည်မပြုနိုင်ဘူးလို့လည်း ပြောပါတယ်။ ဗီဒီယိုမှာ လေယာဉ်ကို မမြင်ရပေမဲ့ ကောင်းကင်ထက်ကို ပစ်ခတ်နေတာကို တွေ့ရပါတယ်။ စကားသံတွေလည်း ကြားရပြီး တရုတ်စစ်သားတွေရဲ့အသံဖြစ်ပုံရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီ တိုက်လေယာဉ်က ဘယ်အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ သေသေချာချာ မသိရပေမဲ့ မြန်မာနိုင်ငံမြောက်ပိုင်း အထူးသဖြင့် တရုတ်နယ်စပ်နားမှာ လူနည်းစုတိုင်းရင်းသားတွေက မြန်မာစစ်တပ်နဲ့ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဒီအထဲ ကချင်လွတ်မြောက်ရေးတပ် (KIA) က အထင်ရှားဆုံးနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)လည်း ရှိပြီး UWSA ဝ တပ်ဖွဲ့ကလည်း အင်အားတောင့်တင်းတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org