မြန်မာ-တရုတ်နယ်စပ် ကိုဗစ်ထိန်းချုပ်ရေး တပ်တွေဆုတ်ပေးတာလို့ ကိုးကန့်တပ်ဖွဲ့ပြော
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA အနေနဲ့ နယ်စပ်တစ်လျှောက်မှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ ပိုပြီးထိရောက်အောင်လုပ်နိုင်ဖို့အတွက် တပ်စခန်းငယ်အချို့ကို ပြန်ဆုတ်ပေးသွားမယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက RFA ကိုပြောပါတယ်။
- 2021-11-11
-
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA အနေနဲ့ နယ်စပ်တစ်လျှောက်မှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ ပိုပြီးထိရောက်အောင်လုပ်နိုင်ဖို့အတွက် တပ်စခန်းငယ်အချို့ကို ပြန်ဆုတ်ပေးသွားမယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက RFA ကို ပြောပါတယ်။
အခုဆုတ်ခွာပေးမယ့် တပ်စခန်းတွေဟာ မုံးကိုးမြို့နယ်အတွင်းက တပ်ခွဲသုံးခုနဲ့ မုံးကိုးနဲ့ ပန်ဆိုင်းတံတားမှာ ရှိတဲ့ စနိုက်ပါ ခြုံခိုပွိုင့် နှစ်နေရာကို ပြန်ဆုတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
တပ်ခွဲတွေကိုပဲ ဆုတ်ခွာပေးမှာဖြစ်ပြီး မူလရှိထားတဲ့ တပ်တွေကတော့ အရင်တိုင်း ရှိနေမယ်လို့ပြောပါတယ်။
အခုလို ဆုတ်ခွာလိုက်တာဟာ အိမ်နီးချင်း တရုတ်နိုင်ငံဘက်က နယ်စပ်တစ်လျှောက် ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့နဲ့ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်တွေ တိုးလာပြီး ရောဂါပိုမိုပြန့်ပွားမှာ စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
အခုရက်ပိုင်းအတွင်း တရုတ်နယ်စပ် ရွှေလီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေ များလာလို့ တရုတ်ဘက်က ရွှေလီကို လော့ဒေါင်း ခုနှစ်ရက်ပြန်ချထားတယ်လို့ မူဆယ်နယ်စပ်မှာ နေထိုင်သူတွေကပြောပါတယ်။
ဒါ့အပြင် တရုတ်ဘက်က နယ်စပ်ဂိတ်တွေပြန်ဖွင့်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ကိုးကန့် တပ်ဖွဲ့တွေ တပ်ဆုတ်ပေးတာ ဖြစ်နိုင်တယ်လို့ နယ်စပ်မှာ နေထိုင်သူအချို့က သုံးသပ်ကြပါတယ်။
အခုနှစ် သြဂုတ်လဆန်းတည်းက မြန်မာ-တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲနဲ့ ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ကိုးကန့် တပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တွေ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲကြောင့် ဒုက္ခသည် ၂,၀၀၀ ကျော် နေရပ် စွန့်ခွာနေရသလို မုံးကိုးမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ကြရပါတယ်။ တရုတ်ဘက်ကလည်း မြန်မာဘက်က စစ်ဘေးဒုက္ခသည်တွေ သူတို့ထဲဝင်မလာအောင် ခြံစည်းရိုးကာရံပြီး စောင့်ကြည့် သတိပေးတာတွေလုပ်ခဲ့ပါတယ်။
လက်ရှိမှာ ကိုးကန့်တပ်ဖွဲ့က တပ်ခွဲအချို့ ပြန်ဆုတ်ပေးလိုက်တဲ့အတွက် မုံးကိုးဒေသမှာ တိုက်ပွဲတွေ ငြိမ်နေပြီး စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေတည်းက တပ်မ - ၇၇ တပ်ဖွဲ့တွေ ထပ်မံအင်အားတိုးမြင့် ချထားတယ်လို့ ကိုးကန့်တပ်ဖွဲ့ပြန်ကြားရေး တာဝန်ရှိသူကပြောပါတယ်။