မိုင်းရယ်မြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၂၁ ဦးကို ဖမ်းမိ
ဖမ်းဆီးမိသူတွေဆီက ဖုန်းအလုံး ၂၆၀၊ ကွန်ပျူတာ အလုံး ၁ဝဝ ကျော်အပါအဝင် ငွေလိမ်လုပ်ငန်းသုံးပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
-
RFA Burmese
2025-02-10 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် မိုင်းဟဒေသမှာ တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံသား ၂၁ ဦးကို ဖေဖော်ဝါရီ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မိုင်းရယ်မြို့နယ်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ရာကျော်ကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ပြောပါတယ်။
တရုတ်နိုင်ငံသား အမျိုးသား ၄၈ ဦး၊ အမျိုးသမီး နှစ်ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ငါးဦး၊ အမျိုးသမီး ၂၉ ဦးနဲ့ ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတွေကို လုံခြုံရေးဆောင်ရွက်ပေးနေသူ ငါးဦးအပါအဝင် စုစုပေါင်း ၁၀၂ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိသူတွေထံကနေ ဖုန်းအလုံး ၂၆၀၊ ကွန်ပျူတာ အလုံး တစ်ရာကျော်နဲ့ စတားလင့်အင်တာနက်စက် ခုနစ်လုံးအပါအဝင် လောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းသုံးပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အဲဒီသူတွေကို စစ်ဆေးနေပြီး ဥပဒေအရ ထိရောက်စွာအရေးယူသွားမှာဖြစ်ကြောင်းနဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေပြန်ပို့မယ်လို့ စစ်ကောင်စီက ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့အတွင်း မြန်မာနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ငါးသောင်းခွဲကျော် (၅၅၇၁၁ ဦး) ကို စိစစ်ဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။