နိုင်ငံစုံက ရဲတပ်ဖွဲ့ဝင် သုံးထောင်ကို သင်တန်းပေးဖို့ တရုတ်စီစဉ်

ဒီညီလာခံဟာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ၂ဝ၂၂ ခုနှစ်က အဆိုပြုခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)ရဲ့ အစိတ်အပိုင်းဖြစ်ပုံရတယ်လို့ သတင်းက ဖော်ပြပါတယ်။

၂ဝ၂ဝ ပြည့်နှစ်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့အတွင်း အမျိုးသားညီလာခံကျင်းပရာ အဆောက်အဦရှေ့တွင် တွေ့မြင်ရသည့် တရုတ်ရဲတပ်ဖွဲ့ဝင်တချို့။ Photo: Reuters

နိုင်ငံပေါင်းစုံက ထောင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လာမယ့် ၁၂ လ အတွင်း တရုတ်နိုင်ငံက သင်တန်းပို့ချမယ်လို့ AFP သတင်းက စက်တင်ဘာ ၉ ရက်မှာ ဖော်ပြပါတယ်။

တရုတ်ရဲတပ်ဖွဲ့ဝင်တွေဟာ ရဲအရာရှိ ၂၇ဝဝ ကို မနှစ်က သင်တန်းပို့ချပေးခဲ့ပြီး နောက်ထပ် သုံးထောင်ကို ပို့ချဖို့ စီစဉ်နေတယ်လို့ နိုင်ငံအရှေ့ပိုင်းမှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာညီလာခံမိန့်ခွန်းမှာ အများပြည်သူ လုံခြုံရေးရာဝန်ကြီး Wang Xiaohong က ထည့်သွင်းပြောကြားပါတယ်။

တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ လိုအပ်တဲ့ စွမ်းရည်တွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်မြှင့်တင်ရေးအတွက် သင်တန်းပေးဖို့ လိုအပ်တဲ့ နိုင်ငံတွေကို ရဲအကြံပေးပုဂ္ဂိုလ်တွေ စေလွှတ်မယ်လို့လည်း ပြောပါတယ်။

ဂျန်စု (Jiangsu) ပြည်နယ်မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာညီလာခံကို မြန်မာ၊ မလေးရှား၊ ပါကစ္စတန်နဲ့ အင်တာပိုလ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ၁၂၂ နိုင်ငံက ရဲအရာရှိတွေတက်ရောက်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒီညီလာခံဟာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ၂ဝ၂၂ ခုနှစ်က အဆိုပြုခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)ရဲ့ အစိတ်အပိုင်းဖြစ်ပုံရတယ်လို့ သတင်းက ဖော်ပြပါတယ်။ GSI ဟာ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရာကတစ်ဆင့် နိုင်ငံတကာအရေးကိစ္စ ကိုင်တွယ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အကဲခတ်တွေကတော့ လောလောဆယ် အမေရိကန်က ဦးဆောင်တဲ့ လုံခြုံရေးအစီအစဉ်ကို ဖယ်ထုတ်ပြီး ဒီအစီအမံကနေ ကမ္ဘာမှာ တရုတ်သြဇာချဲ့ထွင်မယ့် လမ်းကြောင်းလို့ သုံးသပ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org