တရုတ်ခရီးသွားတွေသုံးတဲ့ အွန်လိုင်းငွေချေစနစ် အသုံးပြုမှု ဆိုင်းငံ့ထားဖို့ညွှန်ကြား
ဇီးရိုးဘတ်ဂျက်တိုးလို့ခေါ်တဲ့ တရုတ်ခရီးသွားဧည့်သည်တွေ အသုံးပြုနေတဲ့ Wechat၊ Alipay စနစ်နဲ့ ငွေပေးချေစနစ်ကို National Standard လုပ်ဆောင်နေချိန် အသုံးမပြုဘဲ ဆိုင်းငံ့ထားဖို့ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောပါတယ်။
-
သက်စုအောင်
2019-12-10 -
-
-
ဇီးရိုးဘတ်ဂျက်တိုးလို့ခေါ်တဲ့ တရုတ်ခရီးသွားဧည့်သည်တွေ အသုံးပြုနေတဲ့ Wechat၊ Alipay စနစ်နဲ့ ငွေပေးချေစနစ်ကို National Standard လုပ်ဆောင်နေချိန် အသုံးမပြုဘဲ ဆိုင်းငံ့ထားဖို့ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဇီးရိုးဘတ်ဂျက် တရုတ်ခရီးသွားတွေ အသုံးပြုတဲ့ အွန်လိုင်းငွေပေး ချေမှုစနစ် We Chatနဲ့ Alipay ကိုတားမြစ်ပိတ်ပင်ဖို့နဲ့ ဇီးရိုးဘတ်ဂျက် တားဆီးနိုင်ဖို့ အစီအစဉ်ရှိမရှိ သိလိုကြောင်း မေးမြန်းရာမှာ ဒုဝန်ကြီး ဦးတင်လတ်က ပြောဆိုခဲ့တာပါ။
ငွေရေးကြေးရေး အဖွဲ့အစည်းတွေအနေနဲ့ ဗဟိုဘဏ်ခွင့်ပြုချက် မူဘောင်းအတွင်းကနေ လုပ်ဆောင်ဖို့ညွှန်ကြား ထားပြီး ခုလိုတားမြစ်ချက်တွေကို မလိုက်နာရင် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ အရေးယူခံရ မှာဖြစ်ကြောင်း ဗဟိုဘဏ်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အသိပေး အကြောင်းကြားထားပြီး ဖြစ်ကြောင်း လည်းပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတွင်း ရောင်းချဝယ်ယူတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ကျသင့်ငွေ ပေးချေတာ၊ ဈေးနှုန်းဖော်ပြတာတွေကို ပြည်တွင်းသုံးကျပ်ငွေနဲ့သာ ဆောင်ရွက်ဖို့ ဗဟိုဘဏ်က ညွှန်ကြားထားပေမယ့်လည်း ဟိုတယ်တွေ၊ စားသောက်ဆိုင်တချို့နဲ့ ပြည်တွင်းမှာ လာရောက်ဖွင့်လှစ်တဲ့ နိုင်ငံခြားကျောင်းတွေ၊ နိုင်ငံခြားသား တိုက်ခန်းငှားရမ်းမှုတွေ အမှတ်တရ ပစ္စည်းဆိုင်တွေမှာတော့ ကျပ်ငွေအစား နိုင်ငံခြားငွေနဲ့ ပေးချေဆောင်ရွက်နေတာကို တွေ့ရကြောင်းလည်း ဒုဝန်ကြီး ဦးတင်လတ်က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးကတော့ တရုတ်ခရီးသွားတွေဟာ အွန်လိုင်းငွေပေးချေစနစ်ကို သုံးတာကြောင့် ခရီးသွားလုပ်ငန်းက ရရှိမယ့် နိုင်ငံဝင်ငွေတွေဟာ တရုတ်နိုင်ငံကို ပြန်ရောက်သွားတာကြောင့် ဆုံးရှုံးမှုတွေရှိကြောင်း ပြောပါတယ်။
ဒုဝန်ကြီး ဦးတင်လတ်ကတော့ ဇီးရိုးဘတ်ဂျက် ခရီးသွားဆိုပေမယ့် နိုင်ငံအတွက် အကျိုးမရှိ ဝင်ငွေ မရှိတာမျိုး မဟုတ်ဘဲ တခြားနိုင်ငံသားတွေနဲ့ နှိုင်းယှဉ်ရင် တစ်ဦးချင်းသုံးစွဲမှုလျော့နည်းခြင်းနဲ့ တရားမဝင် ငွေပေးချေမှု တွေကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေ လျော့နည်းနေတာသာဖြစ်ကြောင်း ပြောပါတယ်။
ဇီးရိုးဘတ်ဂျက် ဖြစ်ရတဲ့နောက်ခံ အကြောင်းအရင်းအနေနဲ့ ခရီးသွားအဝင် ကျဆင်းနေတဲ့ကာလတွေမှာ ခရီးသွားလုပ်ငန်း ကုမ္ပဏီတချို့က ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို သာမန်အချိန် ပေါက်ဈေးထက်လျော့နည်းတဲ့ ဈေးနှုန်းနဲ့ တစ်နှစ်စာကြိုတင်စာချုပ်ချုပ်ဆို ငှားရမ်းမှုတွေရှိတာ၊ လတ်မှတ်ရ ဧည့်လမ်းညွှန်တွေကို ငှားရမ်းခြင်းမပြုဘဲ Tour Conductor တွေက တရားမဝင် ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်တာတွေ ၊ လိုင်စင်မဲ့ ဟိုတယ်၊ တည်းခိုရိပ်သာတွေကို အသုံးပြုတာတွေ၊ လိုင်စင်မရှိဘဲ ခရီးလှည့်လည်ရေးလုပ်ငန်း လုပ်ဆောင်တာတွေ၊ တရားမဝင် ငွေပေးချေမှု နည်းလမ်းတွေကို အသုံးပြုတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီလို ခရီးစဉ်တွေ ရောင်းချရာမှာ အမှန်ကုန်ကျစရိတ်ထက် လျော့နည်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချခဲ့ရင် ယှဉ်ပြိုင်မှု ဥပဒေနဲ့ ငြိစွန်းမှာဖြစ်ပြီး စီမံခန့်ခွဲရေး နည်းလမ်းအရဖြစ်စေ ပြစ်မှုကြောင်းအရဖြစ်စေ တရားမကြောင်းအရဖြစ်စေ အရေးယူနိုင်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ လိုအပ်တဲ့ ဆွေနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဒုဝန်ကြီး ဦးတင်လတ်ကပြောပါတယ်။
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ နမူနာကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ တရုတ် ခရီးသွားတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ပျမ်းမျှ ၄ ရက်နေထိုင်ပြီး တစ်ရက် ပျမ်းမျှ ၆၅ ဒေါ်လာ သုံးစွဲကြောင်း သိရပြီး၊ တစ်ဦး ချင်းသုံးစွဲမှု ပျမ်းမျှဒေါ်လာ ၂၆၀ လူဦးရေ ၄ သိန်းအတွက်ဆိုရင် ဒေါ်လာ ၁၀၄ သန်းလောက်ပိုမို သုံးစွဲတယ်လို့ သိရပါတယ်။
ဒီသုံးစွဲမှုတွေမှာ နိုင်ငံသားလုပ်ငန်းရှင်တွေကို အဓိက အကျိုးရှိစေဖို့နဲ့ နိုင်ငံတော်အတွက် ထိုက်သင့်တဲ့ အခွန်အခတွေ ကောက်ခံရရှိဖို့ ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှု လေးသန်းကျော်ရှိခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်မြောက်ပိုင်းမှာ ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် ဝင်ရောက်မှု ၃ သန်းကျော်အထိ ကျဆင်းသွားခဲ့ရာမှာ အနောက်နိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်မှု သိသိသာသာ ကျဆင်းခဲ့ပါတယ်။
ဒါကို ကုစားဖို့အတွက် တရုတ်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို ဗီဇာဖြေလျော့မှုတွေ လုပ်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသွား အရေအတွက်ဟာ ၂၀၁၈ ခုနှစ်က နှစ်သိန်းကျော်သာရှိရာကနေ ၂၀၁၉ ခုနှစ် ၁၀ လပိုင်းအကုန်မှာတင် ၆ သိန်းကျော် ဝင်ရောက်ခဲ့တဲ့အတွက် ၄ သိန်းကျော်လောက် တိုးတက် လာတယ်လို့ ဒုတိယ ဝန်ကြီး ဦးတင်လတ်က ပြောပါတယ်။