ဖမ်းမိထားတဲ့ တရုတ်ကုန်တင်ကား ၃၁ စီးပေါ်က ပစ္စည်းတွေကို ဆက်လက်စစ်ဆေး

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းအနီး ကန်ပိုက်တီ-ဝိုင်းမော်-မြစ်ကြီးနားလမ်းပေါ် ဆဒုံးရေတံခွန်နားမှာ သြဂုတ် ၂ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ တရားမဝင် တရုတ်ကုန်တင်ကား ၃၁ စီးကို စစ်ဆေးနေတာ အခုဆိုရင် ကားအစီး ၂၀ ကျော် စစ်ဆေးပြီးဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီးက ပြောပါတယ်။

တရုတ်နိုင်ငံကနေ တရားမဝင်ဝင်ရောက်လာတဲ့ ကုန်တင်ကားတွေကို ၂၀၁၈ သြဂုတ်လ ၃ ရက်နေ့က ဝိုင်းမော်မြို့မှာ ဖမ်းဆီးထားစဉ် Photo: Kyaw Myo Min/RFA

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းအနီး ကန်ပိုက်တီ-ဝိုင်းမော်-မြစ်ကြီးနားလမ်းပေါ် ဆဒုံးရေတံခွန်နားမှာ သြဂုတ် ၂ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ တရားမဝင် တရုတ်ကုန်တင်ကား ၃၁ စီးကို စစ်ဆေးနေတာ အခုဆိုရင် ကားအစီး ၂၀ ကျော် စစ်ဆေးပြီးဖြစ်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီးက ပြောပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို အများဆုံးတွေ့ရှိရတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ဒီကနေ့ပြောပါတယ်။

"မြစ်ကြီးနားမှာ ၁၆ စီး စစ်ပြီးသွားပြီ။ ဝိုင်းမော်မှာ ၆ စီး စစ်ပြီးသွားပြီ။ စုစုပေါင်း ၂၂ စီး စစ်ပြီးသွားပြီဗျ။ ကျနော်တို့သိတာက မြေဆီနဲ့ စိုက်ပျိုးရေးသုံး ဆက်စပ်ပစ္စည်းတွေလို့ပဲသိတယ်။ သက်ဆိုင်ရာဌာနတွေက အဓိကထားပြီးစစ်နေတယ်။ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတွေက စစ်ဆေးပေါ်ပေါက်ချက်အပေါ်မူတည်ပြီးမှ ကျနော်တို့က သူတို့ဆက်လုပ်တဲ့အပိုင်းပေါ်မှာပဲ ဥပဒေနဲ့အညီ လုပ်သွားမှာပါ။"


ဖမ်းဆီးရမိတဲ့ကားတွေကို စစ်ဆေးတဲ့အခါ ကား ၁ စီးမှာ ဓါတ်မြေသြဇာလို့ယူဆရတဲ့ အိတ်အလုံးရေ တစ်ထောင်ကျော်တင်ဆောင်လာပြီး၊ ကားတချို့မှာတော့ အဲဒီလိုစိုက်ပျိုးရေးသုံးပစ္စည်းတွေ သယ်ယူလာတာ မတွေ့ရဘူးလို့သိရပါတယ်။

အဲဒီ ဓါတ်မြေသြဇာလို့ ယူဆရတဲ့ပစ္စည်းတွေဟာ အပြင်ပေါက်ဈေး ၁ အိတ်ကို လေးသောင်းဝန်းကျင်တန်ကြေးရှိပြီး၊ အခုအချိန်အထိ အိတ်အလုံးရေ ၁ သောင်းကျော် စစ်ဆေးပြီးပြီလို့ ခန့်မှန်းထားပါတယ်။

ပြည်နယ်ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း ဦးဆောင်ပြီး အကောက်ခွန်၊ စိုက်ပျိုးရေး၊ လဝက စတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ဇူလိုင် ၆ ရက်နေ့ကစလို့ တရုတ်ကုန်တင်ကားတွေပေါ်က ပစ္စည်းတွေကို ဖွင့်ဖောက်စစ်ဆေးနေတာပါ။

အဲဒီ တရုတ်ကုန်ကားကြီးတွေပေါ်မှာ ဓါတ်မြေသြဇာနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ တရားမဝင်သယ်ဆောင်လာတာ လို့ ယူဆထားပေမယ့် အစိုးရတာဝန်ရှိသူတွေက စစ်ဆေးပြီးမှသာ အတိအကျပြောနိုင်မှာ ဖြစ်ပါတယ်။  

လက်ရှိမှာ တရုတ်နိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးထားပြီး အဲဒီထဲက ၂ ယောက်ကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။ အဲဒီ ၈ ယောက်လုံးကို စိုက်ပျိုးရေး၊ အကောက်ခွန်၊ ကညန စတဲ့ ဋ္ဌာနဆိုင်ရာတွေရဲ့ ဥပဒေတွေနဲ့ ငြိစွန်းမှု ရှိ မရှိ ဆိုတာကိုတော့ လောလောဆယ် မသိရှိရသေးပါဘူး။

ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးဂိတ်ပေါက် အပါအဝင် တရုတ်-မြန်မာ နယ်စပ်က တခြားဝင်ပေါက်မျိုးစုံကနေ ကန့်သတ်ကုန်ပစ္စည်းတွေနဲ့အတူ ပစ္စည်းမျိုးစုံကို တရားဝင်ရော တရားမဝင်ပါ တင်သွင်း၊ တင်ပို့ပြုလုပ်နေကြတာ ဟာ နှစ်များစွာကြာခဲ့ပြီလို့ ဒေသခံတွေကပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org