တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံ တိုက်တွန်း
မြန်မာနိုင်ငံ မြောက်ပိုင်းက တိုက်ပွဲတွေ ချက်ချင်းရပ်ဆိုင်းဖို့ တရုတ်နိုင်ငံက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။
-
RFA Burmese
2023-11-02 -
-
-
မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေ ချက်ချင်း ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံက နိုဝင်ဘာလ ၂ ရက်နေ့မှာ ထပ်မံတိုက်တွန်းလိုက်ပါတယ်။
တရုတ်နယ်စပ်အနီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း မဟာဗျူဟာကျတဲ့ မြို့သုံးမြို့ကို လက်လွတ်လိုက်ရတယ်လို့ စစ်ကောင်စီက ပြောကြားပြီးနောက် အဲဒီလို တိုက်တွန်းလိုက်တာပါ။
ဒီနေ့ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မြန်မာဘက်ခြမ်းက တိုက်ပွဲတွေနဲ့ပတ်သက်လို့ တရုတ်အစိုးရရဲ့ သဘောထားမှတ်ချက်ကို AFP သတင်းဌာနက မေးမြန်းရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Wang Wenbin က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ သက်ဆိုင်သူအားလုံး ချက်ချင်းအပစ်ရပ်ကြဖို့၊ မတူကွဲပြားတာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းကြောင်း Wang Wenbin က ပြောပါတယ်။
ဒါ့အပြင် လက်ရှိအခြေအနေ အရှိန်မြင့်လာမယ့်အရေးကို ရှောင်ရှားပြီး တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။