မြန်မာ့အရေး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာဖို့ တရုတ်တိုက်တွန်း
မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် အပစ်ရပ်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာကြဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
-
RFA Burmese
2024-04-16 -
-
-
မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် အပစ်ရပ်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာကြဖို့ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးအရှိန်မြင့်လာတဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်း ဂျီယန် (Lin Jian) က ဧပြီလ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတာတွေကို သတိပြုမိကြောင်းနဲ့ တိုက်ပွဲမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခြေအနေတွေ ပိုဆိုးမလာခင်မှာ အပစ်ရပ်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က စစ်ကောင်စီရဲ့သင်္ဃန်းညီနောင်အခြေစိုက်တပ်ရင်းတွေကို ဧပြီလ ၅ ရက်နေ့မှာ KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၂၇၅) ကိုလည်း ဧပြီလ ၁၁ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။
လက်ရှိအချိန်မှာ မြဝတီမြို့ကို KNLA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ဧပြီလ ၁၆ ရက်နေ့ မနက်မှာတော့ ခလရ ၂၇၅ တပ်စခန်း ပြန်ရဖို့နဲ့ ထွက်ပြေးနေတဲ့ တပ်ဖွဲ့ဝင်တွေကို ကယ်တင်ဖို့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိနေပါတယ်။