မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ကူညီသွားမယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော


2018.11.16
dassk-li-keqiang-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီခချန်း တို့ စင်္ကာပူမှာ ၂၀၁၈ နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံစဉ်။
Photo: Myanmar State Counsellor Office

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအပေါ် တန်ဖိုးထားပါကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်အောင် အားပေးကူညီသွားမှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခချန်းက ပြောလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံပြင်ပမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာပါ။

နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးထူထောင်ခဲ့တဲ့ ၆၈ နှစ်တာကာလအတွင်း ဆက်ဆံရေး ပိုမိုခိုင်မာလာ ခဲ့ကြောင်း၊ နိုင်ငံရေးအရ ယုံကြည်မှု နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာခဲ့ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု တိုးတက်လာရေးဟာ နှစ်နိုင်ငံ ရင်ဆိုင်နေရတဲ့ ကိစ္စဖြစ်ကြောင်း၊ လူသားအရင်းအမြစ်၊ ပညာရေးနဲ့ ပြည်တွင်းတည်ငြိမ်ရေး စတဲ့ နယ်ပယ်တွေမှာ မြန်မာနိုင်ငံနဲ့ အတူ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးလို သိမ်မွေ့တဲ့ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အပေါ် လိုအပ်သလို အားပေးကူညီသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း၊ မြန်မာပြည်အခက်အခဲတွေ့တိုင်း - အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်အရေးမှာ တရုတ်နိုင်ငံက နားလည်မှုရှိရှိ ထောက်ခံကူညီခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။