လက်ပန်းတောင်းအရေး တရုတ်သံရုံးက ကြေညာချက်ထုတ်

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီနဲ့ ဝမ်ပေါင် ကုမ္ပဏီတို့အကြား ပူးပေါင်းလုပ်ကိုင်နေတဲ့ မုံရွာ-လက်ပန်းတောင်း ကြေးနီစီမံကိန်းကို အဆင်ပြေစွာ ဆက်လက်အကောင်အထည်ဖော်ဖို့ ရန်ကုန်မှာရှိတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ကြေညာချက် ထုတ်ပြန်ပြီး ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဂေါင်မင်းဘို (Mr.Gaomingbo) က လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဟာ တရုတ်နဲ့မြန်မာ ကုမ္ပဏီတွေ အကျိုးတူပူးပေါင်းလုပ်ကိုင်တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ထားတဲ့အပြင် ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း နှစ်ဦးနှစ်ဖက် အညီအမျှခွဲယူဖို့ ဆွေးနွေးထားခဲ့ပါတယ်။ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ ကိုက်ညီမှုရှိတဲ့အတွက်  မြန်မာ့လူမှုအဖွဲ့အစည်းအနေနဲ့ ဒီစီမံကိန်း အဆင်ပြေချောမွေ့ဖို့အတွက် မြန်မာနိုင်ငံကထုတ်ပြန်တဲ့ ဥပဒေတွေကို လေးစားလိုက်နာပေးဖို့ မေတ္တာရပ်ခံပါတယ် လို့ RFA ကို ပြောပါတယ်။

ဒီကြေညာချက်ဟာ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မုံရွာ၊လက်ပန်းတောင်း ခရီးစဉ်မပြီးဆုံးခင်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလဲ လက်ရှိဖြစ်ပွားနေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကို ပြေလည်အောင် ဆောင်ရွက်ချင်တယ်လို့ ပြောကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org