ချင်းတွင်းမြစ်ရေ မြင့်တက်မှု ဒေသခံထောင်ချီ ရေဘေးသင့်

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့က အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရွာတချို့ ရေဝင်နစ်မြုပ်နေပြီး ဒေသခံထောင်နဲ့ချီ ရေဘေးကြုံနေရပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့ ရေဘေးသင့်ပြည်သူအချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။ Facebook/ Homalin Diary

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့က အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရွာတချို့ ရေဝင်နစ်မြုပ်နေပြီး ဒေသခံထောင်နဲ့ချီ ရေဘေးကြုံနေရတယ်လို့ ဇူလိုင်လ ၅ ရက်နေ့မှာ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်မှာတော့ ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့တို့ရဲ့ စိုးရိမ်ရေအမှတ်အထက် လေးပေကနေ ခုနစ်ပေနီးပါးအထိ ကျော်လွန်ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဟုမ္မလင်းမြို့ခံတစ်ဦးကတော့ ဒီနေ့မနက်အထိ မြစ်ရေက ဆက်လက်မြင့်တက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေက ဒေသခံတွေ ပြောင်းရွေ့နေကြတယ်လို့ RFA ကို ပြောပါတယ်။

“မြစ်ရေက ဆက်ပြီးတက်နေဆဲပဲ။ ခိုပဲဝရပ်ကွက်အထိ ရေဝင်ပြီ။ ဥရုချောင်းရေလည်း တိုးနေတယ်။ ရေဘေးရှောင်တော့ ဘယ်လောက်ရှိလဲတော့ သေချာမသိဘူး။ တချို့တွေက ရှောင်နေကြတယ်။ တချို့တွေက နေအိမ်ထဲမှာပဲ နေနေကြတုန်း။ တခြားရွာတွေမှာ စစ်ဘေးရှောင်ရင်း ရေဘေးပါ ပြန်ရှောင်နေရတာတွေလည်း ရှိတယ်”

စစ်ကောင်စီကတော့ ခန္တီးမြို့နယ်အတွင်းက လူခုနစ်ရာခန့်ကို ပြောင်းရွှေ့ပေးထားကြောင်း ပြောဆိုထားပါတယ်။ မြို့နယ် လေးခုလုံးရဲ့ ပြောင်းရွှေ့ရတဲ့ လူအရေအတွက်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးကလည်း ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေသူတွေကို ကူညီရွှေ့ပြောင်းပေးနေကြောင်း ဇူလိုင်လ ၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။

မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်တာကြောင့် ချင်းတွင်းမြစ်အောက်ပိုင်း ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့က မြစ်ကမ်းအနီး နေထိုင်သူတွေတွေ ကြိုတင်သတိပြုကြဖို့ စစ်ကောင်စီရဲ့ မိုး/ဇလဌာနက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org