တရုတ် ရုပ်ရှင်သရုပ်ဆောင် ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းကို လာရောက်အားပေး

တရုတ်နိုင်ငံမှာ လူကြိုက်အများဆုံး အမျိုးသမီး သရုပ်ဆောင်တဦးဖြစ်တဲ့ Yao Chen ဟာ ထိုင်းမြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းကို သွားရောက် ပြီး ဒုက္ခသည်တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။

UNHCR ၏ တရုတ်နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်နာယက အဖွဲ့ဝင်ဖြစ်သည့် တရုတ် ရုပ်ရှင်သရုပ်ဆောင် Yao Chen ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည် အမျိုးသမီးတဦးကို အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: UNHCR/K.McKinsey) UNHCR/K.McKinsey

ဒုက္ခသည်တွေအဖြစ် ရောက်နေရပေမယ့် သူတို့ရဲ့ဂုဏ်နဲ့ ကျက်သရေကို ထိန်းသိမ်းထားတာကို တွေ့မြင်ရတဲ့အတွက် အထူး စာနာမိပါတယ်လို့ မယ်လ ဒုက္ခသည်စခန်းမှာ နှစ်ရက်ကြာ လာရောက် နေထိုင်ခဲ့တဲ့ တရုတ် ရုပ်ရှင်မင်းသမီးက ပြောပါတယ်။

တရုတ်မင်းသမီး Yao Chen ဟာ UNHCR ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် နာယက အဖွဲ့ဝင်တဦး ဖြစ်ပြီး သူကိုယ်တိုင် ရေးသားတဲ့ နေ့စဉ် အင်တာနက်ဘလော့ဂ်ကို ပရိသတ် ၇ သန်းကျော်က အမြဲတမ်း ဂရုတစိုက် ဖတ်ရှုကြတယ်လို့ တရုတ် သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

မယ်လ ဒုက္ခစခန်းကို လာရောက်တာဟာ အခု ပထမဆုံးအကြိမ် ဖြစ်ပြီး မြန်မာ ဒုက္ခသည်တွေရဲ့ နေ့စဉ် ဘဝအကြောင်း သူတွေ့သမျှကို သတင်းစကား၊ ဓာတ်ပုံ၊ ဗီဒီယိုတွေက တဆင့် ပရိသတ်ဆီ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org