မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် အမျိုးသမီး သံတမန်သစ် ခန့်အပ်မည်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် မစ္စ မာကျားကို ခန့်အပ်ဖို့ တရုတ်အစိုးရရဲ့ အဆိုပြုချက်ကို သဘောတူပြီးဖြစ်တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၁၂ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် ခန့်အပ်မည့် မစ္စ မာကျားအား တွေ့ရစဉ်။ Embassy of the People's Republic of China in India

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် မစ္စ မာကျားကို ခန့်အပ်ဖို့ တရုတ်အစိုးရရဲ့ အဆိုပြုချက်ကို သဘောတူပြီးဖြစ်တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၁၂ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။

မစ္စ မာကျားဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက တာဝန်ပြီးဆုံးလို့ပြန်သွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်းဟိုင် နေရာမှာ အစားထိုးတာဝန်ယူမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းကို နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ လက်ခံတွေ့ဆုံပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက အခုလို သတင်းထုတ်ပြန်ခဲ့တာပါ။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီနဲ့ တရုတ်နိုင်ငံတို့ရဲ့ သံတမန်ဆက်ဆံရေး ပိုပြီး နီးနီးကပ်ကပ်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ မူဝါဒနဲ့ပတ်သက်လို့ မြန်မာပြည်တွင်းမှာ တိုက်ပွဲတွေဖြစ်နေတာကို တရုတ်အစိုးရက မလိုလားဘဲ ဆွေးနွေးဖြေရှင်းဖို့ကိုသာ တိုက်တွန်းနေပြီး ဒါကိုလည်း တက်တက်ကြွကြွ ဆက်လုပ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Ms. Mao Ning မော်နင်က ဩဂုတ်လ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောထားပါတယ်။

စစ်ကောင်စီရဲ့ သတင်းဖော်ပြချက်အရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ် မစ္စ မာကျားဟာ ၁၉၉၅ ခုနှစ်က ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးမှာ တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org