မူဆယ်က ကုန်တင်ယာဉ်မောင်းတွေ တရုတ်နိုင်ငံထဲ ဝင်ခွင့်မရလို့ အခက်တွေ့

တရုတ်အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ဖို့အတွက် မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံထဲ ဝင်ရောက်လာမယ့် ကုန်တင်ယာဉ်မောင်းတွေ ကို လက်မခံတော့ဘဲ ယာဉ်မောင်းအစားထိုးစနစ်ကို ပြောင်းလဲ ကျင့်သုံးလိုက်ပါတယ်။

ရှမ်းပြည်‌မြောက်ပိုင်း၊ မူဆယ်မြို့နယ်က မန့်ဝိန်းဂိတ်ကို မြင်တွေ့ရစဉ် ဓာတ်ပုံ - ကံသာ/ RFA

တရုတ်အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ဖို့အတွက် မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံထဲ ဝင်ရောက်လာမယ့် ကုန်တင်ယာဉ်မောင်းတွေကို လက်မခံတော့ဘဲ ယာဉ်မောင်းအစားထိုးစနစ်ကို ပြောင်းလဲ ကျင့်သုံးလိုက်ပါတယ်။

တရုတ်ဘက်က အပြောင်းအလဲကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ထိခိုက်လာနိုင်တဲ့အတွက် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ညှိနှိုင်းပေးသင့်တယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေက ပြောကြပါတယ်။

တရုတ်ပြည်ထဲကို ဝင်မယ့် မြန်မာယာဉ်မောင်းတွေကို ဧပြီလ တစ်ရက်နေ့ကစပြီး ကန့်သတ်လိုက်တာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်လာမယ့် မြန်မာ ကုန်တင်ယာဉ်မောင်းတွေနေရာမှာ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ယာဉ်မောင်းတွေနဲ့ အစားထိုး မောင်းနှင် စေမှာဖြစ်ပြီး ဒီအတွက် ကုန်ကျစရိတ် တရုတ်ငွေ ဆယ်ယွမ်ကိုလည်း မြန်မာဘက်က ကုန်သည်တွေက ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နယ်စပ်က ကျယ်ဂေါင် ကားကြီးသမားတွေ ယာယီနားတဲ့နေရာကို အစားထိုးယာဉ်မောင်းက မောင်းပို့ ပေးမှာပါ။ အဲဒီကနေ ကုန်ပစ္စည်းချမယ့်၊ တင်မယ့်နေရာကို ကုန်သည်က နောက်ထပ်ယာဉ်မောင်းနဲ့ ထပ်မံ သယ်ဆောင်ရမှာဖြစ်ပြီး ကုန်ကျစရိတ်ကို ကုန်သည်ကသာ ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကို မြန်မာကုန်သည်တွေဘက်က လက်မခံနိုင်ဘူးလို့ ရှမ်းပြည်နယ်ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်းများ အသင်း ဥက္ကဋ္ဌ ကိုဝင်းအောင်ခန့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ ကုန်တင်ကားတွေဟာ ဥရောပနဲ့ ဂျပန်ထုတ် ကားတွေဖြစ်ပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ မူဆယ်နယ်စပ်ဟာ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မြန်မာဘက်က ဖရဲ၊ သခွား၊ သရက်သီး၊ ဇီးသီး၊ ကျွဲနွား စတဲ့ ကုန်တွေကို အဓိကတင်ပို့နေသလို တရုတ်နိုင်ငံဘက်ကတော့ စက်ပစ္စည်းနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို အဓိကထားတင်ပို့နေတာပါ။

ရာသီပေါ်သီးနှံထွက်တဲ့ကာလအလိုက် တစ်ရက်ကို မြန်မာဘက်ကနေ ကုန်တင်ကား အစီးရေ ခြောက်ရာနဲ့ ရှစ်ရာကြား တရုတ်ဘက်ကို ပစ္စည်းတင်ပို့နေသလို တရုတ်နိုင်ငံဘက်ကတော့ ကုန်ကားအစီးရေ တစ်ရက်ကို သုံးရာနဲ့ လေးရာကြား ဝင်ရောက်နေတာလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ဧပြီလ တစ်ရက်နေ့ကစတင်ပြီး တရုတ်နိုင်ငံသားကုန်သည်တွေ မြန်မာနိုင်ငံထဲဝင်ရောက်မှုကို တရုတ်ဘက်က ကန့်သတ်ခဲ့ပြီးနောက်မှာ တရုတ်ကုန်သည်တွေ မလာတော့တဲ့အတွက် ဖရဲ၊ သခွား အရောင်းအဝယ်အတွက် အရင်လို မူဆယ် ၁၀၅ မိုင် သစ်သီးကွင်းမှာ လုပ်လို့မရတော့ဘဲ  တရုတ် ကျင်စန်းကျော့ဂိတ်ကိုဖြတ်ပြီး ဝမ်တိန် အသီးကွင်းအထိ ပို့ဆောင်ရောင်းဝယ် နေကြရတယ်လို့ မူဆယ်နယ်စပ် သစ်သီးဝလံအသင်းက မရီရီခိုင်က ပြောပါတယ်။

တရုတ်ဘက်က ကန့်သတ်မှုတွေကြောင့် ကားသမားတွေနဲ့ ကားပိုင်ရှင်အများစုက မိမိတို့ယာဉ်တွေကို ရပ်နား ရမယ့် အခြေအနေရင်ဆိုင်နေရပြီး ကုန်တင်ခဈေးနှုန်းတွေလည်း မြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာ မန္တလေး၊ နောင်ချို၊ ပြင်ဦးလွင်ကနေ မူဆယ် နယ်စပ် ကုန်တင်ပို့ခဟာ ဆယ့်နှစ်ဘီး တစ်စီးကို နှစ်ဆယ့်တစ်သိန်းလောက် ရှိနေတယ်လို့ ကိုဝင်းအောင်ခန့်က ပြောပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်မှာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ဝင်ထွက်ပေါက်တွေကို တရုတ်ဘက်က ကန့်သတ်တာ မရှိခဲ့သလို မြန်မာဘက်ကလည်း ကျန်းမာရေးစစ်ဆေးမှုကလွဲရင် ဘာကန့်သတ်မှုမှ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ရှိလာပြီးနောက်မှာ မတ်လ ၂၉ ရက်နေ့လောက်ကစပြီး တရုတ်-မြန်မာ နယ်စပ်မှာ မြန်မာနိုင်ငံသား ဝင်ရောက်မှုကို တရုတ်ဘက်က စတင် ကန့်သတ်လာတာပါ။ မြန်မာပြည်မကြီးကနေ လာရောက်တဲ့ သူတွေကို တစ်ခါသုံးကတ်နဲ့ဝင်ရောက်မှုကို စတင်ကန့်သတ်ခဲ့ပြီး နောက်ပိုင်းမှာဆိုရင် မူဆယ် မှတ်ပုံတင် ကိုင်ဆောင်သူတွေကိုပဲ ဝင်ထွက်ခွင့်ပြုတော့တာ ဖြစ်ပါတယ်။ ဧပြီလ တစ်ရက်နေ့က စတင်ပြီး တရုတ်နိုင်ငံထဲ နိုင်ငံခြားသား ဝင်ရောက်မှုတွေကို စတင်ကန့်သတ်ခဲ့ပြီး မူဆယ်မှတ်ပုံတင်ကိုင်ဆောင်တဲ့ ကုန်တင်ကား သမားတစ်ဦးက လွဲရင် ဘယ်သူ့ကိုမှ ဝင်ထွက်ခွင့်မပြုတော့တာကနေ အခုနောက်ပိုင်းမှာ မြန်မာကုန် တင်ယာဉ်မောင်းတွေ ဝင်ထွက်ခွင့်ကိုပါ ပိတ်လိုက်ပြီး ယာဉ်မောင်းအစားထိုးစနစ်ကို ပြောင်းလဲကျင့်သုံး လာခဲ့တာပါ။

မူဆယ်မြို့မှာ ဧပြီလ ၉ ရက်နေ့ မနေ့က တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ရှန့်သဖုန် ဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာနိုင်ငံဘက်က မူဆယ်ခရိုင်အုပ်ချုပ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ တင်ပြခဲ့ပေမယ့် ထူးခြားမှုတော့ မရှိခဲ့ဘူးလို့ အစည်းဝေးတက်ရောက်ခဲ့သူတွေက RFA ကို ပြောပါတယ်။

တရုတ်ဘက်က ပိုလမ်းမစီမံကိန်းအတွက် နယ်စပ်မှာ သူတို့ဆောင်ရွက်နေတာတွေကို ရှင်းပြခဲ့သလို ကိုရိုနာဗိုင်းရပ်စ် အတွက် ဆေးပစ္စည်းအချို့ကို လှူဒါန်းခဲ့ပြီး မြန်မာဘက်က နယ်စပ်ကားသမားတွေအခြေအနေနဲ့ ပတ်သက်ပြီး တင်ပြချက်ကိုတော့ ဘာမှတုံ့ပြန်ပြောဆိုတာ မရှိခဲ့ဘူးလို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org