ရန်ကုန်မြို့ တရုတ်နိုင်ငံသားပိုင်စက်ရုံက ဆန္ဒပြပွဲ ပြေလည်မှုမရသေး
ရန်ကုန်မြို့ မြစိမ်းရောင်စက်မှုဇုံက တရုတ်နိုင်ငံသားပိုင် ချားရစ်ခ် ပန်းပုစက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြနေပါတယ်။
-
RFA Burmese
2024-11-19 -
-
-
ရန်ကုန်မြို့ မြစိမ်းရောင်စက်မှုဇုံက တရုတ်နိုင်ငံသားပိုင် ချားရစ်ခ် (CHARIS COMPANY LIMITED) ပန်းပုစက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြနေပြီး နိုဝင်ဘာလ ၁၉ ရက် ဒီနေ့မှာတော့ ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူးမှာ နှစ်ဖက်ဖြေရှင်းခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
အလုပ်ရှင်ဘက်က အလုပ်သမားတွေ တောင်းဆိုတဲ့ အချက်တွေကို မလိုက်လျောတဲ့အပြင် အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကိုလည်း အလုပ်ပြန်မခန့်တော့ဘူး ဆိုပါတယ်။ ဒီကိစ္စကို အလုပ်သမားခုံသမာဓိရုံးအထိ တက်ရောက်ဖြေရှင်းမယ်လို့ အလုပ်ရှင်ဘက်က အကြောင်းပြန်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
မြို့နယ်အဆင့် အုပ်ချုပ်ရေး အာဏာပိုင်တွေကလည်း အခုလိုဆန္ဒပြတာဟာ တရားဝင် ခွင့်ပြုချက်မရှိတဲ့အတွက် လုံခြုံရေးပိုင်းကို တာဝန်မယူနိုင်ဘူးလို့ ပြောဆိုတဲ့အကြောင်း ဆန္ဒပြအလုပ်သမား တစ်ဦးက ပြောပါတယ်။
“ကျွန်မတို့ဘက်က ဘာလုပ်သင့်တယ်ဆိုတာတော့ အကြံဉာဏ်တွေ ထပ်တောင်းရအုံးမယ်။ ဒီကိစ္စက မဖြစ်သင့်တဲ့ ကိစ္စလေ အလုပ်သမားတွေကို အလုပ်ထုတ်လိုက်တာလဲ ဘာကြောင့်ထုတ်တယ်ဆိုတာ တိကျတဲ့အဖြေလည်း မရှိဘူး”
ချားရစ်ခ် ပန်းပုစက်ရုံမှာ စက်ရုံက ဆုကြေးမပေးနိုင်တာကြောင့် အချိန်ပိုမဆင်းနိုင်တဲ့ အလုပ်သမားတွေထဲက အမျိုးသမီး နှစ်ဦးကို တရုတ်နိုင်ငံသား စက်ရုံ ညွှန်ကြားရေးမှူး ကိုယ်ထိလက်ရောက် ကျူးလွန်တာကနေစပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ ဆန္ဒပြပွဲ စတင်ခဲ့တာပါ။ လက်ရှိမှာတော့ ဆန္ဒပြတာကြောင့် အလုပ်သမား ၁၄ ဦးကို စက်ရုံက အလုပ်ထုတ်ထားပါတယ်။
ဆန္ဒပြအလုပ်သမားတွေကတော့ အမျိုးသမီးအလုပ်သမား နှစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ညွှန်ကြားရေးမှူးကို လုပ်ငန်းခွင်က ထုတ်ပယ်ပေးဖို့၊ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့၊ လုပ်ငန်းခွင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ အချက် ၁၇ ချက်ကို တောင်းဆိုထားပါတယ်။
ဆန္ဒပြပွဲစတင်ချိန်က အလုပ်သမား ငါးရာနီးပါးရှိခဲ့ပေမဲ့ လုပ်ငန်းဝင်ပြန်မဝင်ရင် အလုပ်ဖြုတ်မယ်လို့ စက်ရုံဘက်က ပြောတာကြောင့် နောက်ပိုင်းရက်တွေမှာ ဆန္ဒပြအလုပ်သမား တစ်ရာခန့်ပဲ ပါဝင်တော့တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်ဝင်တဲ့အခါမှာလည်း နည်းမျိုးစုံနဲ့ ဖိနှိပ်တာတွေရှိတာကြောင့် နိုဝင်ဘာလ ၁၉ ရက် ဒီနေ့မှာတော့ ဆန္ဒပြတဲ့ အလုပ်သမား သုံးရာကျော်အထိ ပြန်များလာတယ်လို့ ဆန္ဒပြအလုပ်သမား တစ်ဦးက ပြောပါတယ်။
“အလုပ်ပြန်ဝင်သွားတဲ့ အလုပ်သမားတွေလည်း ဖိအားပေးခံရတယ်။ သူတို့လည်း ဒီအခြေအနေကို မကျေနပ်လို့ ပြန်ထွက်လာကြတာ”
ဒီကိစ္စနဲ့ ပတ်သက်လို့ ချားရစ်ခ် ပန်းပုစက်ရုံကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ စက်ရုံတာဝန်ရှိသူတွေ အစည်းအဝေးလုပ်နေတာကြောင့် အသေးစိတ် မဖြေဆိုနိုင်သေးကြောင်း ပြောဆိုပါတယ်။ စစ်ကောင်စီရဲ့ အလုပ်သမားဆက်ဆံရေး ဦးစီးဌာနရုံးကတော့ ဒီကိစ္စကို မြို့နယ်အဆင့် အာဏာပိုင်တွေနဲ့ ပူးပေါင်းဖြေရှင်းနေကြောင်း ပြောဆိုပါတယ်။
ဆန္ဒပြအလုပ်သမားတွေကတော့ သူတို့ တောင်းဆိုထားတဲ့ အချက် ၁၇ ချက်ကိုရရှိအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမယ်လို့ ပြောကြပါတယ်။