တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံ

အာဆီယံ အထူးကိုယ်စားလှယ်သစ် အာလွန်ကဲအို ကစ်တီကွန် ဟာ တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နွန်ရွန်နဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်သစ် အာလွန်ကဲအို ကစ်တီကွန် (ဝဲ) နှင့် တရုတ်အစိုးရ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နွန်ရွန် (ယာ) တို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ Ministry of Foreign Affairs of the people's rebublic of china

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ် အာလွန်ကဲအို ကစ်တီကွန် (Alounkeo Kittikhoun) ဟာ တရုတ်အစိုးရရဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နွန်ရွန် (Nong Rong) နဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံတာဖြစ်ပြီး မြန်မာ့အရေးအပါအဝင် တရုတ်- အာဆီယံ ဆက်ဆံရေး၊ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

မြန်မာ့အရေး အပေးအယူလုပ်ဖို့ ဆွေးနွေးတာဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“မြန်မာ့အရေးကို ဘေးနိုင်ငံတွေကဖြစ်ဖြစ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေကဖြစ်ဖြစ် ကူညီဖြေရှင်းပေးသင့်တယ်လို့ တရုတ်ကပြောထားပြီးပြီ။ သူရဲ့မူကိုကလည်း အပြန်အလှန်တွေ့ဆုံဆွေးနွေးလုပ်ကြ အပေးအယူလုပ်ကြဆို တဲ့မူပေါ်ကပဲ တရုတ်က ဆွေးနွေးမှာပဲ”

ကစ်တီကွန်ဟာ ဇန်နဝါရီလ ၁၀ ရက်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။

မြန်မာပြည်ခရီးစဉ်အပြီးမှာ ကစ်တီကွန်ဟာ ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေးဆွေးနွေးခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ပါတယ်။

၂ဝ၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီး တွေ မျက်နှာစုံညီအစည်းအဝေးကို ဇန်နဝါရီလ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာ လက်ခံကျင်းပဖို့ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org