တရုတ်အစိုးရပိုင်ကုမ္ပဏီ စစ်ကိုင်းတိုင်းမှာ မြေဧကနှစ်သိန်းနီးပါး လုပ်ခွင့်ရ

တရုတ်အစိုးရပိုင် PanAust ကုမ္ပဏီက စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး ‌ဒေသက မြေဧက တစ်သိန်းရှစ်သောင်းကျော်မှာ ကြေးနီနဲ့ ဆက်စပ်သတ္ထု တူးဖော်လုပ်ကိုင်ခွင့် ရရှိတဲ့အတွက် စမ်းသပ်တိုင်းတာမှု တချို့ လုပ်ခဲ့ပါတယ်။

မြန်မာအစိုးရက PanAust ကုမ္ပဏီကို စစ်ကိုင်းတိုင်းအတွင်း သတ္ထု စမ်းသပ်တူးဖော်ခွင့်လိုင်စင်ထုတ်ပေးမှု အခမ်းအနားကို နေပြည်တော်မှာ မေလ ၂၇ ရက်နေ့က ကျင်းပခဲ့စဉ် Photo: PanAust

တရုတ်အစိုးရပိုင် PanAust ကုမ္ပဏီက  စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး ‌ဒေသက မြေဧက တစ်သိန်းရှစ်သောင်းကျော်မှာ ကြေးနီနဲ့ ဆက်စပ်သတ္ထု တူးဖော်လုပ်ကိုင်ခွင့် ရရှိတဲ့အတွက် စမ်းသပ်တိုင်းတာမှု တချို့ လုပ်ခဲ့ပါတယ်။ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေဟာ ဒေသခံတွေနဲ့ ဖြစ်ပွားတဲ့ ပြဿနာတွေကို ဂရုတစိုက် ဖြေရှင်းပေးလေ့ မရှိခဲ့တဲ့အတွက် အခုစီမံကိန်းအပေါ်  စိုးရိမ်မှုတွေ ရှိနေပါတယ်။

တရုတ်နိုင်ငံ အစိုးရပိုင် PanAust ကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုဘက်မှာ ကြေးနီနဲ့ သတ္ထုတူးဖော်ခွင့် အတွက် မြေဧက တစ်သိန်း ရှစ်သောင်းကျော်ကို ပြည်ထောင်စုအစိုးရရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ လုပ်ကိုင်ခွင့် ရရှိထားပါတယ်။

ပြည်ထောင်စုက တိုက်ရိုက်လုပ်ကိုင်ခွင့် ပေးလိုက်တာဟာ စမ်းသပ်ကာလဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ စိစစ်တာမရှိပဲနဲ့ ခွင့်ပြုပေးထားတာ ဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ ကပြောပါတယ်။

စစ်ကိုင်းတိုင်း အစိုးရ အဖွဲ့အနေနဲ့လည်း လုပ်ကွက်မြေနေရာတွေမှာ ရွာမြေ၊ လယ်မြေ စတာတွေ မပါဝင်ရင်တော့ လုပ်ကိုင်ခွင့်ပြုကြောင်း သဘောထားမှတ်ချက် ပေးခဲ့တယ်လို့ ပြောပါတယ်။

မြေဧက တစ်သိန်း ရှစ်သောင်းကျော်ကို လုပ်ကိုင်ခွင့်ရရှိထားပေမယ့် အဲဒီဒေသက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မသိရှိရဘူးလို့ ဝန်းသိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောပါတယ်။

ကိုယ်စားလှယ်တွေ အနေနဲ့ စီမံကိန်းကို ကန့်ကွက်နေတာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ တူးဖော်မလုပ်ကိုင်ခင် သတ္ထုစူးစမ်းရှာဖွေမှု ငါးနှစ်လုပ်ကိုင်မှာ ဖြစ်ပါတယ်။

ပင်လယ်ဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စာချုပ်စည်းကမ်းချက်တွေအတိုင်း လုပ်ဆောင် မယ်ဆိုရင်တော့ ကန့်ကွက်စရာ မရှိဘူးလို့ ပင်လည်ဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က ပြောပါတယ်။

ပြည်ထောင်စုအဆင့်က လုပ်ဆောင်တာဖြစ်တဲ့အတွက် တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ မသိရှိတာမဟုတ်ပဲ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေကို ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေတဲ့ ကုမ္ပဏီဘက်က လေ့လာရေး ခရီးစဉ်ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္ထုရေးရာက အမြဲတမ်းတွင်းဝန် ဦးမင်းမင်းဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့  ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းက စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေဘက်က စိုးရိမ်မှုတွေကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တတ်နိုင်သလောက် ဖြေရှင်းပေးသွားမယ်လို့ ပြောပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က လုပ်ကိုင်ခွင့် ချပေးလိုက်တဲ့ ကုမ္ပဏီတွေဟာ ဒေသခံတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားတဲ့ ပြဿနာတွေကို ဂရုတစိုက်ဖြေရှင်းပေးမရှိဘူးလို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA ရဲ့ စစ်ကိုင်းတိုင်းပြန်ကြားရေး တာဝန်ခံ ကိုတင့်အောင်စိုးက ပြောပါတယ်။

PanAust ကုမ္ပဏီဟာ စီမံကိန်းကို လုပ်ကိုင်ဖို့အတွက် Wuntho Resources Company Limited နဲ့ဖက်စပ် လုပ်ကိုင်တာဖြစ်ပြီး Myanmar Energy Resources Group International Company Ltd (MERG)နဲ့ ပူးပေါင်း ထူထောင်ထားတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က PanAust ကုမ္ပဏီဟာ လုပ်ကွက်မြေ တစ်သိန်း သုံးသောင်းကျော် ဧကကို ရှာဖွေတူးဖော်ခွင့် လိုင်စင် ရရှိခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းနဲ့ ပတ်သက်ပြီး စမ်းသပ်ကာလမှာသာ မြေဧကတွေ အများကြီး ယူထားပေမယ့် တကယ်ထုတ်လုပ် ချိန်ကျရင်တော့ ဧကလျော့ကျသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

PanAust ကုမ္ပဏီက  မြန်မာ၊ လာအိုနိုင်ငံတို့မှာ ကြေးနီနဲ့ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတယ်လို့ ကုမ္ပဏီရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org