ချီဖွေက စစ်ဘေးဒုက္ခသည်တွေဖျားနာနေလို့ အကူအညီလိုအပ်

ချီဖွေမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းနှစ်ခုမှာဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ချီဖွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသူများအား တွေ့ရစဉ်။ Kachin News Group

ကချင်ပြည်နယ်၊ ချီဖွေမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းနှစ်ခုမှာ ဇွန်လဆန်းပိုင်းကစလို့ ဇွန်လ ၂၁ ရက်နေ့ထိ တုပ်ကွေးဖျားနာဖြစ်သူ ရာနဲ့ချီရှိလာတဲ့အတွက် ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

အဲဒီဒုက္ခသည်စခန်းနှစ်ခုမှာ လူဦးရေ ၁၅၀၀ ဝန်ကျင်နေထိုင်ပြီး လူဦးရေရဲ့ ထက်ဝက်ကျော် က တုတ်ကွေးရောဂါ ကူးစက်ခံရပြီး တဖြည်းဖြည်း ဖျားနာလာကြတာလို့ ဒုက္ခသည် အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

"သုံးပုံနှစ်ပုံလောက်က ဖျားနေတာ။ တစ်ယောက်ပျောက်ပြီဆိုရင် တစ်ယောက်က ပြန်ဖျားပြီ။ အခုအဓိကတော့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်။ စခန်းမှာ ဆေးဝါးမလောက်တော့ ပိုက်ဆံမရှိလည်း အပြင်ဆေးခန်းသွားပြီး ကုရတယ်၊ အမြန်ပျောက်ချင်တော့။ ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ တော်တော် ခက်ခဲကြတယ်"

ဒုက္ခသည်စခန်းက ကလေးတွေမှာလည်း တုပ်ကွေးဖျားနာဖြစ်တဲ့သူများနေပြီး ကျောင်းမသွားနိုင်တဲ့ ကလေးတွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဒုက္ခသည်တွေဟာ ချီဖွေမြို့နယ်ထဲက ကန်ပိုင်ယန်၊ ရစ်ဘန် ၊နဘုတ်၊ ကျင်ထုံး၊ ကောင်လ၊ ချောင်းမော၊ ဇန်နောင်ယန်၊ နလော၊ ရှဒူဇွတ်၊ မျော်မောပါ၊ ပျဝါ၊ ဖရဲ အစရှိတဲ့ ရွာတွေက ဖြစ်ပြီး ၂၀၁၁ တစ်ကျော့ပြန် ကချင်စစ်ပွဲကြောင့် ချီဖွေမြို့ပေါ်ကို ထွက်ပြေးလာကြတာ လည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org